(ကရင့်သမိုင်းသုတေသနအဖွဲ့)
အပိုင်း(၂)
ကေဂျီဘီ(KGB)ယာယီသဘာပတိရွေးချယ်ခံရခြင်း
===========================
၁၉၅၀ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် ဥက္ကကြီး စောဘဦးကြီးကျဆုံးပြီးနောက် ဥက္ကဌသစ်ရွေးချယ်ရန် ကိစ္စများပေါ်ပေါက်ခဲ့လေသည်။ စောဘဦးကြီးကျဆုံးပြီးဖြစ်၍ လစ်လှပ်သောနေရာတွင် ဗိုလ်ချုပ်စိုင်းကေအား တင်မြှောက်ရန် အားလုံးက သဘောတူလေသည်။ သို့သော် ဗိုလ်ချုပ်စိုင်းကေသည်လည်း ဥက္ကဌကြီးနှင့်အတူ ကျဆုံးသွားကြောင်း ဖာပွန်ရှိ စောဘဦးကြီး၏ဇနီးက ကြေးနန်းပို့လာသဖြင့် ဥက္ကဌ အဖြစ် တဦးဦးကိုရွေးချယ်ရန် ကိစ္စရှိလာသည်။ ထို့ကြောင့် တင်မြှောက်ရေးအစည်းအဝေးတရပ်ကို အလျင်အမြန်ခေါ်ယူခဲ့ကြသည်။ ထိုအစည်းအဝေးကို မော်ချီးတွင်ခေါ်ယူကာ ဆရာကြီးစကောလယ်တောလည်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဥက္ကဌအဖြစ် ဦးလှဖေကို တင်မြှောက်ရန်၊ ဦးလှဖေ မလုပ်မှသာ ဂျေဖူးညိုကို ဥက္ကဌတင်ရန် စသည်ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ကြသည်။ ဂျေဖူးညို ကိုယ်တိုင်လည်း အစည်းအဝေးကို အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ဆုံးဖြတ်ချက်အရ တောင်ကြီးဘက်သို့ရောက်နေသော ဦးလှဖေအား အကျိုးအကြောင်းကြေးနန်းပို့ရာ ဦးလှဖေသည် ပအိုဝ်းတော်လှန်ရေးမှာ ကိုယ်တိုင်ဦးဆောင်နေသဖြင့် ထိုတာဝန်ကို လက်မခံနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။ ဂျေဖူးညိုကလည်း ဥက္ကဌမလုပ်ချင်။ စစ်အုပ်ချုပ်ရေးချမှတ်ခဲ့စဉ်က လက်နက်ကိုင်တော်လှန်ရေးကာလ မည်သည့်အဖွဲ့အစည်းမှ မဖွဲ့စည်းရဟု သူကိုယ်တိုင်အမိန့်ထုတ်ပြန်ခဲ့၍ဖြစ်သည်။ သို့သော် မလွဲမရှောင်သာ ဥက္ကဌသစ်တာဝန်ကို ယူခဲ့ရသည်။
ဥက္ကဌသစ်နေရာလက်ခံပြီး (၂)ရက်အကြာတွင် မြစ်၀ကျွန်းပေါ်ရှိ ခေါင်းဆောင်များ၏ကိုယ်စား ဟန်တာသာမွှေးထံမှ ကြေးနန်းတစောင်ရရှိခဲ့သည်။ ကရင့်တော်လှန်ရေး တိုးတက်ခိုင်မာရေးအတွက် (KNU) အစည်းအရုံးကို ပြန်လည်ဖေါ်ထုတ်ရန် တောင်းဆိုထားသော ကြေးနန်းဖြစ်သည်။ ကရင့်တော်လှန်ရေးအတွက် (KNU) ကို ဖွဲ့စည်းရမည်ဆိုလျှင် သူဥက္ကဌမလုပ်တော့ဟုဆိုပြီး စောဟန်တာသာမွှေးထံသို့ ကြေးနန်းပြန်ပို့လိုက်သည်။ နောက်ဆုံး ဥက္ကဌတာဝန်မှ အပြီးအပိုင်ထွက် သွားခဲ့သည်။
၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် အစည်းအဝေးကို ပြန်လည်ခေါ်ယူရပြန်သည်။ အစည်းအဝေးကို တောင်ငူခရိုင်တွင် ခေါ်ယူခဲ့ကြသည်။ ဥက္ကဌသစ် တယောက်ရှာဘို့ဆိုလျှင် အဖွဲ့ငယ်တဖွဲ့ ဖွဲ့ရမည်ဖြစ်သည်။ ထိုအဖွဲ့ကို အမည်အမျိုးမျိုးပေးကြသည်။ နောက်ပိုင်းတွင် (KGB-Kawthoolei Governing Body)ကေဂျီဘီ ကော်သူးလေအုပ်ချုပ်ရေးအဖွဲ့ဟူ၍ အမည်ပေးပြီး ဖွဲ့စည်းရန်ဖြစ်သည်။ ထိုအဖွဲ့၏ ဥက္ကဌကို ရွေးချယ်ရမည်ဖြစ်သည်။ အဖွဲ့ဖွဲ့ပြီးနောက် သဘာပတိရွေးချယ်ရာတွင် ပြဿနာပေါ်လာပြန်သည်။ သဘာပတိအဖြစ်ဆိုလျှင် ပအိုဝ်းဦးလှဖေကို ရွေးချယ်ရန် ဆုံးဖြတ်ကြပြန်သည်။ ဒုတိယ သဘာပတိအနေဖြင့် ဗိုလ်ချုပ်မင်းမောင်ကို ရွေးချယ်ရန် ဆုံးဖြတ်ကြပြီး အဖွဲ့ငယ်များကို ဖွဲ့စည်းရာ ဆရာစကောလယ်တောက မြစ်၀ကျွန်းပေါ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ ထိုအစည်းအဝေးတွင် အရေးကိစ္စအမျိုးမျိုး ဆွေးနွေးတင်ကြသည်။
တဖန်ဦးလှဖေကို ကြေးနန်းပို့သောအခါ ဦးလှဖေကလည်း သူပြန်မလာနိုင်ကြောင်း ငြင်းပယ်ပြန်သည်။ ထို့ကြောင့် သဘာပတိအဖြစ် ဗိုလ်ချုပ်မင်းမောင်သာလျှင် လုပ်ရန်သာရှိတော့သည်။ ဤသည်မှာ သဘာ ၀ကျပြီး လုပ်ထုံးလုပ်နည်းဖြစ်လေသည်။ သို့သော် ဗိုလ်ချုပ်မင်းမောင်သည် စင်စစ် နိုင်ငံရေးကို နားမလည်၊ တော်လှန်ရေးတွင် မျိုးချစ်တယောက်အဖြစ် ပါဝင်လာခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမလုပ်တတ် ကြောင်း ရိုးသားစွာပင် ငြင်းပယ်ခဲ့သည်။ သဘာပတိ တင်မြှောက်ရေးကိစ္စမှာ မပြီးမပြတ်ရှိနေပြန်သည်။

နောက်ဆုံး ဗိုလ်ချုပ်မင်းမောင်ကိုယ်တိုင် မြစ်၀ကျွန်းပေါ်တွင်ရှိသော မန်းဘဇန်နှင့် ဟန်တာသာမွှေးတို့ထံ ကြေးနန်းပို့လေသည်။ “ခင်ဗျားတို့စခဲ့တဲ့အလုပ်ဟာ အခုခေါင်းဆောင်ရွေးတာ ဘယ်သူမှလက်မခံပါ၊ ဒါကြောင့် ခင်ဗျားတို့ တယောက်ယောက်တက်လာပြီး ဥက္ကဌလုပ်ပါ၊”စသည်ဖြင့် ကြေးနန်းပြန်ပို့လေ သည်။ မူးဆိုးကော်ကဆာကလည်း သူ့အနေဖြင့် (KGB) ဥက္ကဌလုပ်ရန် ဝန်မလေးကြောင်း၊ သို့သော် လောလောဆယ်တွင် မြစ်၀ကျွန်းပေါ်စည်းရုံးရေးလုပ်ငန်းများအတွက် အရေးကြီးသောတာဝန်များကို ဆောင်ရွက်နေရသဖြင့် မလာနိုင်သေးကြောင်း၊ သူတက်မလာမီ သူ့ကိုယ်စား ဆရာထောယေ က ဆောင် ရွက်ရန်၊ အားလုံးလက်ခံမည်ဆိုလျှင် သူ့အနေဖြင့် သဘာ၀တိတာဝန်ကို လက်ခံမည်ဆိုပြီး ကြေးနန်းပြန် ပို့ခဲ့သည်။ ဗိုလ်ချုပ်မင်းမောင်မှာ ကြေးနန်းရရခြင်း ဆရာစကောလယ်တောအား မှာယူပြီး ကြေးနန်းကို ဖတ်ပြသည်။ ဆရာစကောလယ်တောကလည်း ဟန်တာသာမွှေးထံ ကြေးနန်းပြန်ပို့သည်။ “ကျနော့ကို အရူးမလုပ်ပါနဲ့၊ ကျနော်ဘာမှမလုပ်တတ်ပါ၊ ခင်ဗျားကိုယ်တိုင်တက်လာပါ၊ ခင်ဗျားကို အားလုံးမျှော်နေ ပါတယ်”။ ဟူ၍ဖြစ်သည်။
ဟန်တာသာမွှေးက ဆရာစကောလယ်တောအား ပြန်လည်နှစ်သိမ့်သည်မှာ “ခေါင်းဆောင်တယောက်ဆိုသည်မှာ တာဝန်ကို မကြောက်ရဘူး၊ ခင်ဗျားလုပ်နိုင်ပါတယ်၊ ခင်ဗျားကို ယုံကြည်ပါတယ်၊ လုပ်သာ လုပ်ပါ၊ ခင်ဗျားနဲ့အတူရှိနေသည်”။ ဟူသော ကြေးနန်းကို ပြန်ပို့ခဲ့သည်။ ထိုကြေးနန်းကိုရလျှင် ဆရာ ကြီးစကောလယ်တောက အချက်တချက်ကို ဆင်ချင်သုံးသပ်မိခဲ့သည်။ ၎င်းမှာ ဥက္ကဌကြီးကျဆုံးခဲ့သည်မှာ ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်ဖြစ်ရာ၊ ယခု ၁၉၅၁ ခုနှစ်၊ ဧပြီလသို့တိုင် ရောက်ခဲ့ပြီဖြစ်သော်လည်း ဥက္ကဌမရှိသေး။ ကော်သူးလေဌာနချုပ်ကို ယခင်က မော်ချီးတွင်ထားရာ လုံခြုံမှုမရှိတော့သဖြင့် ဖာပွန်သို့ ပြန်လည်ရွှေ့ပြောင်းရပြီးဖြစ်သည်။ ဖာပွန်တွင် လူအမြောက်အများရှိပြီး ပြဿနာလည်း အမြောက်အများရှိနေသည်။ အခက်အခဲအကြပ်အတည်းများစွာရှိနေသော်လည်း မည်သူမျှ ၀င်ရောက် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း မရှိသေးပေ။ အစည်းအဝေးထပ်မံခေါ်ယူလျှင် အချိန်လည်းကြာဦးမည်။ ရွေးချယ်မည့်သူများက လုပ်နိုင်၊ မလုပ်နိုင်ဆိုသည်မှာလည်း သေချာလှသည်မဟုတ်ဟူ၍ လက်ရှိအခြေအနေကို သုံးသပ်မိခဲ့သည်။ ထို့ကြောင့် သူသည် ဖာပွန်သို့တက်ပြီး (KGB) ယာယီ သဘာပတိအဖြစ် လက်ခံလိုက်လေသည်။ အခက်အခဲအကြပ်အတည်းမျိုးစုံကြားထဲတွင်ပင် အလုပ်စတင်လုပ်ကိုင်ခဲ့ရသည်။ ထိုအချိန်က ဖာပွန်တွင် ကော်သူးလေအသံလွှင့်ဌာနလည်းရှိသည်။ စစ်ဦးစီးဌာနချုပ်လည်းရှိသည်။ အင်္ဂလိပ်ကပြားအမျိုးသားများ၊ မြန်မာအမျိုးသားများလည်းရှိသည်။ နဂါးနက်၊ မာဃ၊ ကျွဲချို အစရှိသော အသံလွှင့်ဌာနတွင် တာဝန်ယူကြရသူများလည်း အကြပ်အတည်းများတွေ့နေကြသည်။ စက်ယန္တယားနှင့် ပတ်သက်သူများလည်းရှိသည်။ အားလုံးအကြပ်အတည်းနှင့် ကြုံတွေ့နေကြရသည်။

ဆရာ စကောလယ်တော ဖာပွန်သို့ ရောက်ရှိခဲ့ပြီးနောက် ဘဏ္ဍာရေးကိစ္စများ စနစ်တကျရှိရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်ခဲ့သည်။ ခရိုင်အသီးသီးမှ ဗဟိုသို့ ဘဏ္ဍာငွေများ ပုံမှန်ပြန်ပို့ကြသည်။ ခရိုင် နှင့် ဗဟို ဆက်သွယ်ရေးကိစ္စများ၊ ဌာနဆိုင်ရာကိစ္စများလည်း ပုံမှန်လည်ပတ်လာသည်။ ဌာနချုပ်စခန်းတွင် အင်အား (၄၀၀)ခန့်ရှိရာ အစားအသောက်၊ ရိက္ခာ၊ အဝတ်အစားနှင့် နေထိုင်ရန် အဆောက်အဦးများကိုလည်း ကောင်းမွန်စွာ စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။
ဆရာကြီးစကောလယ်တော ဖာပွန်တွင် (KGB) ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလတွင် ဖာပွန်ရှိ (KGB) ခေါင်းဆောင်အများစုမှာ အသက်ကြီးရင့်သူများဖြစ်ကြသည်။ ခရိုင်နှင့် အောက်ခြေတွင် ပြဿနာတခုခုဖြစ်လာပါက လွတ်လပ်စွာ မသွားမလာနိုင်သူကများသည်။ ထို့ကြောင့် ဆရာစကောလယ်တောသည်သာ အများဆုံးသွားလာဆောင်ရွက်ရလေသည်။
အရှေ့ဘက်တွင်ရှိသော ခရိုင်ဒေသအနှံ့အပြားသို့ ရောက်ခဲ့သည်။ ထို့ကြောင့် လူထုတရပ်လုံးနှင့် ထိတွေ့ ရင်းနှီးပြီး ပြဿနာများကို ၀ိုင်းဝန်းဖြေရှင်း အကြံဉာဏ်များပေးခြင်းဖြင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသဖြင့်လည်း လမ်းညွှန်ချက်များပေးတိုင်း တက်တက်ကြွကြွအကောင်အ ထည်ဖေါ်ကြသည်သာ ဖြစ်များသည်။ နောက်ပိုင်းတွင် (KGB)၌ ဌာနဆိုင်ရာတာဝန်များ ခွဲဝေကြရာ ဆရာစကောလယ်တောမှာ နိုင်ငံခြားရေးဌာနကို တာဝန်ယူရလေသည်။ ဆရာစကောလယ်တောလည်း နိုင်ငံရပ်ခြားသို့ တခါတရံရောက်ခဲ့ရာ အတွေ့အကြုံလည်း ပိုမိုရလာခဲ့သည်။ အရှေ့တိုင်း (KGB) ဥက္ကဌ တာဝန်ယူစဉ်ကာလတွင် သင်တန်းများလည်း အခါအားလျော်စွာ ပေးခဲ့ရသည်။
၁၉၅၄ ခုနှစ် ကုန်ခါနီးတွင် မုဆိုးကော်ကဆာ အရှေ့တိုင်းသို့ရောက်လာသည်။ ရောက်ရောက်ချင်း (KGB) ကို ဖျက်သိမ်းလိုက်ပြီး (KRC-Karen Revolutionary Council-ကရင့်တော်လှန်ရေးကောင်စီ)ကို ဖွဲ့စည်းလိုက်သည်။ ထိုကရင့်တော်လှန်ရေးကောင်စီတွင် ဆရာစကောလယ်တောမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူရသည်။ မူးဆိုးကော်ကဆာနှင့် ဆရာစကောလယ်တောမှာ ဆရာတပည့်အရင်းဖြစ်၍ တလေးတစား ဆက်ဆံကြသည်။ အရှေ့တိုင်းတွင် ပြဿနာပေါ်တိုင်း ဆရာစကောလယ်တောကိုသာ တာဝန်ပေးလေသည်။ မဟာမိတ် အခန်းကဏ္ဍနှင့်ပတ်သက်၍ အထူးသဖြင့် လူမျိုးစုပြဿနာကိစ္စများတွင်လည်း တာဝန်ပေး၍ယူရပြန်သည်။ အခြားခေါင်းဆောင်များမှာ ဆရာစကောလယ်တောလောက် စကားပြောဆိုဆက်ဆံရာတွင် မကျွမ်းကျင်ကြ။ ထိုအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီမှာ ကရင့်တော်လှန်ရေးနှင့် အဆက်အသွယ်ပုံမှန်ရှိခဲ့၍ ကွန်မြူနစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရမည်ဆိုလျှင် ဆရာစကောလယ် တော ကိုသာ ရွေးချယ်ဆောင်ရွက်ခဲ့လေသည်။ ဤသို့ဖြင့် ဗမာကွန်မြူနစ်ပါတီခေါင်းဆောင်များနှင့် ပိုမို ရင်းနှီးလာသည်သာမက ၎င်းတို့ထံမှ အတွေ့အကြုံများလည်းရလာသည်။
KNU ၏ ဒုတိယလမ်းစဉ်အတွင်း နိုင်ငံရေးဆိုင်ရာ သဘောတရား ချမှတ်ချက်များ၊ ဖဆပလ ၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ထိုးစစ်များ၊ မဟာမိတ်နှင့် တပ်ပေါင်းစုတည်ဆောက်ရေးဆိုင်ရာကြိုးပမ်းမှု၊ ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးကာလ အယူအဆဆိုင်ရာ ပဋိပက္ခ၊ အမျိုးသားချင်း လက်နက်ကိုင်ပဋိပက္ခ၊ KNU ပါတီ၏ နိုင်ငံရေးသဘောတရားပြုပြင်ပြောင်းလဲမှု၊ အမျိုးသားစည်းလုံးရေး တည်ဆောက်ခြင်း စသော ကိစ္စပေါင်းများအပေါ် အခြေခံသော အချိုးအကွေ့ များစွာရှိခဲ့လေသည်။ ထိုနိုင်ငံရေးရပ်တည်လုပ်ဆောင်ချက်များသည် နောင်လာနောက်သားများအတွက် မှတ်သားစရာများ ဖြစ်မည်ဟု ယုံကြည်မိပါသည်။ အဆိုပါ နှစ်ပေါင်း (၂၀)ကာလ၊ ကရင့်တော်လှန်ရေးဖြစ်စဉ်နှင့် ဆရာကြီး၏ ပတ်သက်မှုကို ဆရာစကောလယ်တော၏ အထုပ္ပတ္တိကို ရေးသားမည့်သူများက အသေးစိတ်ရေးသား ဖေါ်ပြမည်ဖြစ်ပါသည်။ ကျနော့အနေဖြင့် ဆရာကြီးနှင့် အခိုက်အတန့်အားဖြင့်၎င်း၊ လုပ်ငန်းတခုခုကို အကြောင်းပြု၍ ၎င်းတွေ့ကြုံခဲ့ရသော ကာလ (၃)ခုကို အနည်းငယ်စီ ရေးသားတင်ပြမည်ဖြစ်ပါသည်။
အဆိုပါကာလ (၃)ခုမှာ…
(က) ၁၉၆၃ ခုနှစ် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကာလ။
(ခ) ၁၉၆၈ ခုနှစ် KNU ၏ သဘောတရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကာလ။
(၈) ၁၉၇၅ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်သောကာလ ဟူ၍ဖြစ်သည်။ ထိုကာလများမှာ ကရင့်တော်လှန်ရေး၏ ထူးခြားသော အပြောင်းအလဲ ကာလများ၌ ပါဝင်ပြီး ထိုကာလအတွင်း ဆရာကြီးနှင့် တွေ့ဆုံခဲ့ရသော အခိုက်အတန့်ကာလများဖြစ်သည်။
ပထမအကြိမ်တွေ့ဆုံခြင်း
=============
ကျနော်သည် ၁၉၆၃ ခုနှစ် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတွင် ဆရာကြီးနှင့် (၂)ကြိမ်တိတိ တွေ့ဆုံခဲ့ရပါသည်။ ပထမဆုံးအကြိမ်မှာ ရန်ကုန်မြို့ အလုံ မစ်ရှင်လမ်း၊ ဘရေတန် အထက်တန်းကျောင်း၌ ဖြစ်သည်။ ငြိမ်းချမ်းရေးကိုယ်စားတော်များဖြစ်သော မွန်၊ ကရင်၊ ကရင်နီ (၃)ပါ တီ ကိုယ်စားလှယ်များနှင့်အတူ လာရောက်ပြီး လူထုရှင်းလင်းပွဲတခု ကျင်းပကြသည်။ အဆိုပါ လူထုရှင်းလင်းပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများအား ဖိတ်ကြားသဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ (၃)ပါတီ ကိုယ်စားလှယ်များမှာ..KNU ပါတီမှ မန်းဘဇန်၊ စကောလယ်တော၊ ဗိုလ်မှူးစံလင်း၊ မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်၊ နိုင်ထင်၊ နိုင်ဝေ၊ ကရင်နီတိုးတက်ရေးပါတီမှ ဥက္ကဌကြီးစောမောရယ်နှင့် ကိုယ်စားလှယ်အချို့ အသီးသီးတက်ရောက်ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလဖြစ်၍ ကရင်အမျိုးသားအားလုံး အထူးစိတ်ဝင်စားကြသည်။ ထို့ကြောင့် မဟာရန်ကုန်အတွင်း အင်းစိန်၊ ခဝဲခြံ၊ ဟံ သာ၀တီ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ အလုံ ၀ှိုက်ဟော(လ်) အစရှိသည့် ရပ်ကွက်များအပါအဝင် သံလျင်၊ တွံတေး စသည့် မြို့နယ်ဒေသများရှိ ကရင်အမျိုးသားများကလည်း တက်ရောက်လာကြလေသည်။
ပြည်တွင်းစစ် (၁၀)နှစ်ကျော်ကာလအတွင်း တောတွင်းမှ အမျိုးသားခေါင်း ဆောင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံနှုတ်ဆက်ကြရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရတော့မည်ဟူသော မျှော်လင့်ချက်စိတ်ကူးများကလည်း တက်ရောက်လာသော ကရင်အမျိုးသားများအတွက် ဝမ်းမြောက် အားရစရာဖြစ်သည်။ လူထုရှင်းလင်းပွဲတွင် (၃)ပါတီ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သော မန်းဘဇန် က မိန့်ခွန်းပြောကြားသည်။ ထို့နောက် ကိုယ်စားလှယ်များကလည်း အနည်းငယ်စီ ပြောသွားကြသည်။ ထိုအချိန် ဆရာကြီးစကောလယ်တောမှာ အသက်အားဖြင့် (၄၀)ဝန်းကျင်သာရှိသဖြင့် အရပ်အမောင်းမြင့်မြင့် ကိုယ်လုံးကိုယ်ဖန်မှာလည်း သန်စွမ်းသော လက္ခဏာရှိသည်။ နဖူးမြင့်ပြီး နှာတံပေါ်၍ တည်ငြိမ်ခန့်ညား လျှက်ရှိသည်။ မျက်လုံး ပါစပ်ဖွဲ့စည်းပုံမှာ ထိုင်း၊ တရုတ်မျိုးနွယ်ပုံ ပေါ်လွင်နေသည်။ ကျနော်သည် ဆရာကြီးစကောလယ်တောကို ပထမအကြိမ်တွေ့ဘူးခြင်းဖြစ်သည်။“ဆရာကြီးစကောလယ်တော ကျားစီးပြီး ခရီးသွားသည်”ဟူသော တင်စားမှုများရှိခဲ့သည်ကို အမှတ်ရပြီး သူ့ကို မကြာခဏ အကဲခတ်မိသည်။ ထိုလူထုရှင်းလင်းပွဲအပြီး မနှောင်း ရက်ပိုင်းကာလအတွင်းမှာပင် အလုံနှင့် ကြည့်မြင်တိုင်ကြား ၀ှိုက်ဟော(လ်)ရပ်ကွက်ရှိ ကသစ်လမ်းတွင် ဒုတိယအကြိမ်ပြန်လည်ဆုံခဲ့သည်။ ထိုအစည်းအ ဝေးမှာ အေဘီကေအိုရုံး (All Burma Karen Organization)၏ အပေါ်ထပ်တွင်ဖြစ်သည်။ (၃)ပါတီ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် (ABKO) အဖွဲ့ဝင်များ၏ နှစ်ဖက်တွေ့ဆုံမိတ်ဆက်ပွဲဖြစ်၍ ငြိမ်းချမ်းရေး နှင့်ပတ်သက်သော လက်ငင်းအခြေအနေနှင့် နိုင်ငံရေးသဘောထားအမြင်များကို တလှည့်စီရှင်းလင်းကြ ခြင်းများ ပြုလုပ်ကြသည်။ ထိုဆွေးနွေးပွဲတွင် (ABKO) အဖွဲ့မှ (၁)ဥက္ကဌ မန်းမြေသီး၊ (၂)မန်းတင်ညွန့်၊ (၃)မန်းစံလှိုင်၊ (၄)စောသာဒင်၊ (၅)မန်းဒါဝိတ်၊ (၆)မန်းအောင်ကြည်၊ (၇)မန်းအောင်ကျော်လွင်၊ (၈)စရွဲမောင်၊ (၉)စဝင်းသိန်း (၁၀)စောထူး၊ (၁၁)မန်းအောင်ဌေး စသည်တို့ တက်ရောက်ခဲ့ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတလျှောက် သူသည် မှတ်တမ်းများကို အဓိက စီစဉ်ရေးသားသူဖြစ်သည်။ သူ၏ မှတ်တမ်းများကို အခါအားလျော်စွာ ဖတ်ခဲ့ရသည်။ ဆရာစကောလယ်တောသည် စာရေးရာတွင်၎င်း၊ စကားပြောရာတွင်၎င်း သွယ်ဝိုက်မှုမရှိ။ ထို့ကြောင့် ရေးသားချက်များသည်လည်း ရှင်းလင်းပြီး အလွယ်တကူ သဘောပေါက်နိုင်ပေသည်။
၁၉၆၃ ခုနှစ် ကာလသည် ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးအတွင်း အယူအဆရေးရာအပေါ် အခြေခံကာ ခေါင်းဆောင်ပိုင်း (၂)ခြမ်းကွဲခဲ့ရသောနှစ်ဖြစ်သည်။ ကရင့်တော်လှန်ရေး (၁၀)နှစ်ကျော်ကာလအတွင်း ပထမအကြိမ်ဖြစ်သည်။ လင်္ကျာအင်အားစုကို ပိုမိုအားကိုးလာပြီး လက်နက်နှင့် ငွေရေးကြေး ရေးအကူအညီများကိုလည်း အထူးမျှော်လင့်သော ကာလဖြစ်သည်။ လင်္ကျာအကြိုက်ကိုလိုက်ကာ အပေးအယူလုပ်ခဲ့ကြသည်။ ထိုအချက်ကို အခြေခံပြီး KRC နှင့် KNUP တို့ ကွဲခဲ့ရသည်။
လူနည်းစုဖြင့် ခွဲထွက်ခြင်းကို ဦးဆောင်သွားသူမှာ (KRC- Karen Revolutionary Council)ဥက္ကဌ မူးဆိုး ကော်ကဆာ (ခေါ်) စောဟန်တာသာမွှေးဖြစ်သည်။ စောဟန်တာသာမွှေးသည် ၁၉၅၄ ခုနှစ်တွင် စတင်ဖွဲ့စည်းသော KRC ၏ ဥက္ကဌဖြစ်သည်။ KRC သည် KNUP ၏ ဦးဆောင်မှုကို ခံယူသော အစိုးရအဖွဲ့အစည်းတခုဖြစ်သည်။ အုပ်ချုပ်ရေးလုပ်ငန်းများကို အဓိကထားပြီး ဆောင်ရွက်သည်။ စောဟန်တာသာမွှေးသည် ၁၉၅၄ ခုနှစ်မှစပြီး မြစ်၀ကျွန်းပေါ်မှ အရှေ့တိုင်းသို့ တက်လာပြီးနောက် KRC ကို ဖွဲ့စည်းရာ တွင် ကိုယ်တိုင် ဥက္ကဌဖြစ်လာသည်။ ထိုင်း၊ မြန်မာနယ်စပ်တွင် အခြေခံသဖြင့် ထိုင်းနိုင်ငံအတွင်း မကြာ ခဏသွားရောက်ရာ လင်္ကျာကွန်မြူနစ်ဆန့်ကျင်ရေး ကိုယ်စားလှယ်အချို့နှင့် အဆက်အသွယ်ရခဲ့သည်။ လင်္ကျာအင်အားစုကို ပိုမိုအားကိုးလာသည်။
အထူးသဖြင့် လက်နက်နှင့် ငွေရေးကြေးရေးအကူအညီများကို အထူးမျှော်လင့်ခဲ့သည်။ လင်္ကျာအကြိုက်ကိုလိုက်ကာ အပေးအယူလုပ်ပြီး လက်ဝဲယိမ်းသော KNUP ကို ဆန့်ကျင်လာသည်။ သူကိုယ်တိုင်ပါဝင်ပြီး ချမှတ်ထားသော ဒုတိယလမ်းစဉ်ကိုပင် ပြန်လည်ဆန့်ကျင်လာသည်။ ဤသို့ဖြင့် ၁၉၆၃ ခုနှစ် ကွန်ဂရက်တွင် KNUP ၏ လမ်းစဉ်ကို ပြောင်ပြောင်တင်း တင်းဝေဖန်ပြီး အများစု၏ သဘောထားကိုပင် အလေးမထားတော့ဘဲ ခွဲထွက်သွားခဲ့လေသည်။ ၎င်းနှင့် အတူ အရှေ့တိုင်းမှ ပဒိုဝေသော၊ ပဒိုဖိုးညော၊ ပဒိုဝေရီကျော် စသော ခေါင်းဆောင်များနှင့် ဗိုလ်လင်း ထင်၊ ထရူးမင်း၊ မိုးဇက် စသည့် တပ်မှူးများပါသွားကြသည်။ ကွန်ဂရက်အပြီး မရှေးမနှောင်းကာလမှာပင် နေဝင်း စစ်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ယူရာ စောဟန်တာသာမွှေးက ဦးဆောင်ပြီး KRC အဖွဲ့အနေဖြင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အခြားသော လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအသီးသီးနှင့် သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲပျက်သွားသော်လည်း စောဟန်တာသာ မွှေးဦးဆောင်သည့် KRC အဖွဲ့သည် နေဝင်း စစ်အာဏာရှင်တို့နှင့် သဘောတူညီချက်ရယူပြီး ပူးပေါင်း သွားခဲ့လေသည်။
စစ်အစိုးရသည် ပထမတွင် KRC ကို အထူးအခွင့်အရေးများပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကန့်သတ် ချုပ်ချယ်မှုများလုပ်လာဖြင့် ဗိုလ်လင်းထင်တို့က ပုန်ကန်ရန် စီစဉ်ကြသည်။ နေဝင်းစစ်တပ်မှ အချိန်မှီ သိရှိခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခဖြစ်ရာ ဗိုလ်လင်းထင်ကျဆုံးသွားသည်။ ဟန်တာသာမွှေးကိုလည်း ပထ မတွင် ပညာရေးသုတေသနဌာန၌ သုနေသနအရာရှိအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း အသက်ကြီး၍ အနား ပေးခဲ့လေသည်။
စောဟန်တာသာမွှေးသည် ဆရာကြီးစကောလယ်တော၏ ဆရာအရင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် KRC ကို ဖွဲ့စည်းရာ ဆရာစကောလယ်တောမှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ရပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော်လည်း စောဟန်တာသာမွှေး၏ ပြည်ပမှီခိုရေးဝါဒနှင့် အမျိုးသားဆန့်ကျင်သောလုပ်ရပ်များကို အနည်းငယ်မှ လက်ခံတိမ်းညွတ်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဟန်တာသာမွှေးခွဲထွက်သွားသော်လည်း ဆရာစကောလယ်တောမှာ KNUP နှင့် ဒုတိယလမ်းစဉ်အပေါ်တွင် ဆက်လက်ရပ်တည်ခဲ့လေသည်။
ဒုတိယအကြိမ်တွေ့ဆုံခြင်း
==============
၁၉၆၈ ခုနှစ် ဆရာကြီးစကောလယ်တောနှင့် နောက်ထပ်တွေ့ဆုံသည်မှာ အရှေ့တိုင်း ကရင်နီနယ်စပ် တောင်ပေါ်မှ ရွာတရွာတွင်ဖြစ်သည်။ ကျနော် တက္ကသိုလ်အောင်ပြီးစ ကျောင်းဆရာဘ၀၌ဖြစ်ပါသည်။ KNUP ၏ စီမံချက်အရ မူလတန်းကျောင်းဆရာ သင်တန်းတခုကို ဖွင့်လှစ်မည်ဖြစ်ရာ ထိုသင်တန်းတွင် အကူအညီပေးရန်ဖြစ်သည်။ ဆရာကြီးစကောလယ်တောသည် ထိုသင်တန်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ယူမည် ဖြစ်သည်ကိုလည်း ကြိုတင်သိရှိထားသည်။ ကျနော်နှင့်အတူ တက္ကသိုလ်မှ မိတ်ဆွေအချို့လည်း စိတ်အားထက်သန်စွာ လိုက်ပါကူညီခဲ့ကြသည်။ ကျနော်တို့ခရီးစဉ်သည် ပထမအဆင့်အနေဖြင့် ပဲခူးရိုးမရှိ KNUP စစ်ဦးစီးဌာနချုပ်သို့ ရောက်ခဲ့ပါသည်။ ထိုမှတဆင့် ဖြူး၊ တောင်ငူမြို့နယ်ရှိ ပါတီဌာနချုပ်ရှိရာ “ဖလေးဆာလို”တောင်ပေါ်ကျေးရွာသို့ရောက်ခဲ့သည်။ သင်တန်းဖွင့်လှစ်မည့် “ဖခါလေးခို” ကျေးရွာသည် ဌာနချုပ်နှင့် (၃)ရက်ခရီးခန့်မျှရှိ ကရင်ဒေသနှင့်နီးသည်။ “ဖခါလေးခို”ကျေးရွာသည် တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော ကျေးရွာတရွာဖြစ်သည်။
ဆရာကြီးစကောလယ်တောသည် ထိုရွာ၌ ကျနော်တို့အား စောင့်ကြိုနေပါသည်။ နောက်တခါ ထိုမူလတန်းကျောင်းဆရာ သင်တန်းကို အရှေ့တိုင်းရှိ ကျောက်ကြီး၊ ဘောဂလိ၊ သံတောင်၊ တောင်ငူ၊ ထန်းတပင်မြို့နယ်နှင့် ကရင်နီဒေသမှ ကျောင်းဆရာ၊ ဆရာမ (၄၀)ခန့် တက်ရောက်သင်ကြားခဲ့သည်။ “ဖခါလေးခို”ကျေးရွာသည် တောင်ပေါ်ရွာသာဖြစ်သော်လည်း သေသေသပ်သပ် တည်ဆောက်ထားသောရွာဖြစ်သည်။ ဆရာကြီးသည် ကျောင်းဆရာတဦးဖြစ်ခဲ့သဖြင့် သူ၏သင်ကြားချက်များသည် အဆင့်မြင့်ပြီး အလွယ်တကူနားလည်နိုင် သော နည်းနာများဖြင့် သင်ကြားသည်ကို တွေ့မြင်ခဲ့ရသည်။
အထူးသဖြင့် သင်္ခန်းစာများကို ပုံစံများ၊ ဇယားများ ရုပ်ပုံရေးဆွဲပြီး သင်ကြားလေ့ရှိသည်။ တိုတိုတုတ် တုတ်ရှင်းလင်းတတ်သည်။ ရယ်စရာများ ပြောလေ့မရှိသော်လည်း အလွန်ရင်းနှီးပြီး စေတနာပါသော အမူအရာများကို တွေ့ရသည်။ ပျင်းရိစရာအချိန်များတွင် တပည့်များအား မတ်တတ်ရပ်ခိုင်းပြီး သီချင်းဆို ခိုင်းသည်။ နံနက်တိုင်း သင်တန်းမစမီ တပည့်များအား အမြဲဆိုခိုင်းသော သီချင်းတပုဒ်မှာ “သာယာလှပသော ကျုပ်တို့နယ်မြေ”သီချင်းဖြစ်သည်။ တောင်ပေါ်ဒေ၏လှပပုံနှင့် တောင်ပေါ်သားတဦး၏ဘ၀ ကျူး ရင့်သီဆိုထားသော သီချင်းတပုဒ်ဖြစ်သည်။ ဆရာကြီးသည် တောင်ပေါ်ဒေသ၏ သဘာ၀ကို အထူးမြတ်နိုးသူဖြစ်သည်။ ဆရာ၊ ဆရာမများသည် တက်တက်ကြွကြွဖြင့် ဂရုတစိုက်သင်ကြားကြ၍ ပျော်စရာ သင်တန်းတခုဖြစ်ခဲ့သည်။ သို့သော် သင်တန်းပြီးဆုံးရန် ရက်ပိုင်းအလိုတွင် မြန်မာ့တပ်မတော်၏ စစ်ကြောင်း တကြောင်း ချည်းကပ်လာသဖြင့် သင်တန်းကို အလျင်အမြန် လက်စသတ်လိုက်ရပါသည်။ ကျနော်တို့ အဖွဲ့လည်း ဆရာကြီးကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာခဲ့ကြသည်။
၁၉၆၈ ခုနှစ်ကာလသည် KNUP အတွင်း အယူအဆရေးရာ ပြောင်းလဲမှုတခုကို ဦးတည်လျှက်ရှိသည်။ ပါတီအား အမျိုးသားတိုးတက်ရေးပါတီမှ အလုပ်သမားပါတီသို့ ကူးပြောင်းရန် ပါတီဝင်များက ကြိုးပမ်းလာကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အယူဝါဒရေးရာကွဲပြားမှုများ ပေါ်ပေါက်လာလေ သည်။ နောင်နှစ်အနည်းငယ်တွင် ပါတီ၏ လက်ဝဲအစွန်းကျမှုကို ဝေဘန်တိုက်ခိုက်ရင်း ကရင့်တော်လှန်ရေး (၂)ခြမ်းကွဲကာ လက်နက်ကိုင် ပဋိပက္ခအဆင့်သို့ပင် ရောက်ခဲ့သည့်အတွက် ကရင်အမျိုးသားအချို့ အသက်ဆုံးရှုံးခဲ့ကြရလေသည်။
KNUP ၏ မဟာမိတ်တိုက်ဖေါ်တိုက်ဖက်များဖြစ်သော ကွန်မြူနစ်ပါတီအတွင်း၌လည်း ပြန်လည်ပြင်ဆင်ရေးသမားများအား သုတ်သင်ရှင်းလင်းနေသောကာလဖြစ်သည်။ ဆင့်ကဲဆင့်ကဲ သုတ်သင်ကြသည်။ နောက်နှစ်အတွင်း၌ပင် KNUP ဥက္ကဌ မန်းဘဇန်မှာ ပါတီမှနှုတ်ထွက်ပြီး အရှေ့တိုင်း KNUP ၏ ဗိုလ်ချုပ်မြဦးဆောင်သော ကရင်အမျိုုးသားလက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းသွားခဲ့သည်။ မန်းဘဇန်နေရာတွင် ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကော်ထူးက၎င်း၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးချုပ်ကျင်ဖေက၎င်း တာဝန်ယူခဲ့သည်။ ထိုအချိန်က ဆရာစကောလယ်တောသည် ပါတီဗဟိုကော်မတီဝင်နှင့် နိုင်ငံရေးဦးဆောင်အ ဖွဲ့အဖြစ်ကျန်ခဲ့သည်။
တတိယအကြိမ်တွေ့ဆုံခြင်း
===============
၁၉၇၅ နှစ် ဆရာကြီးစကောလယ်တောနှင့် ပြန်လည်တွေ့ဆုံခဲ့ရသောနှစ်သည် ကရင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးအတွင်း ၁၉၆၉-၇၀ ခုနှစ်တွင် စတင်ခဲ့သော လက်နက်ကိုင် ပဋိပက္ခကို အပြီးအပိုင် ရပ်ဆိုင်းလိုက်ကြပြီး အမျိုး သားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်သော ကာလဖြစ်သည်။ နေဝင်းအစိုးရသည် မြစ်၀ကျွန်းပေါ်ကို ပိတ်ဆို့ပြီး စစ်ဆင်ရေးလုပ်ခဲ့ရာ KNUP သည် မြစ်စကျွန်းပေါ်တိုင်း တော်လှန်ရေး အခြေစိုက်စခန်းများကို လက်လွှတ်ဆုံးရှုံးနေရသော ကာလဖြစ်သည်။ နေဝင်းအစိုးရသည် ပဲခူးရိုးမကို ထိုးစစ်ကြီးများ ဆင်နွှဲသောကာလဖြစ်သည်။ KNUP မှ အမြဲတမ်းတပ်များနှင့် ပြောက်ကျား တပ်များသည် အကျအဆုံးများလာသည်နှင့် နောက်ဆုံး ပဲခူးရိုးမကို လက်လွှတ်ရမည့် အခြေအနေတွင်ရှိသည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များဖြစ်ကြသော သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ် စသော ခေါင်းဆောင်များလည်း နည်းအမျိုးမျိုးဖြင့် ကျဆုံးခဲ့ကြသည်။ စခန်းတခုပြီးတခု သုတ်သင်ရှင်းလင်းခံခဲ့ရပြီး အများအပြားကျဆုံးခြင်း၊ လက်နက်ချခြင်းများ၊ အဖမ်းခံရခြင်းများဖြင့် အကြပ်အတည်းကာလ ဖြစ်သည်။ ဤအခြေအနေတွင် KNUP သည် ကြွင်းကျန်သမျှသော အင်အားကို စုစည်းပြီး အရှေ့တိုင်းသို့ ချီတက်ခဲ့လေသည်။ အရှေ့ကော်သူးလေတွင် ၁၉၇၀ ခုနှစ် KNU ကွန်ဂရက်မှ အမျိုးသားချင်း ပြန်လည်ပေါင်းစည်းရေးဟူသော ဆုံးဖြတ်ချက်များ ချထားပြီး ဖြစ်လေသည်။
၁၉၇၅ ခုနှစ် သီတင်းကျွတ်လတွင် ပဲခူးရိုးမမှ KNUP ခေါင်းဆောင်များ ရဲဘော်များနှင့် ၁၉၇၃ ခုနှစ်က မြောက်ပိုင်းခရီးစဉ်သို့ ချီတက်ပြီး ပြန်လည်ရောက်လာသော ရဲဘော်များသည် “ဒူးဒါးဂေး”(ဖာပွန်ခရိုင်) ကျေးရွာတွင် တွေ့ဆုံပြီး ကွန်ဂရက်ကျင်းပရန် ပြင်ဆင်ကြလေသည်။ ထိုကွန်ဂရက်သည် KNUP ၏ ဆဌမမြောက်ကွန်ဂရက်ဖြစ်၍ နောက်ဆုံး ကွန်ဂရက်လည်းဖြစ်သည်။ ကွန်ဂရက်၌ မြစ်၀ကျွန်းပေါ် တိုင်း၊ ပဲခူးတိုင်း၊ အရှေ့တိုင်း စသည့် တိုင်းကွက်များသတ်မှတ်ပြီး ကျင်းပမည်ဖြစ်ရာ ကျနော့အနေဖြင့် မြေပေါ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့လေသည်။ ထိုညီလာခံမှ အမျိုးသားစည်းလုံးညီညွတ် ရေးအတွက် KNUP ကို ဖျက်သိမ်းပြီး အရှေ့တိုင်း KNU တွင် တပေါင်းတစည်းထဲ ပူးတွဲလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။ ပါတီဖျက်သိမ်းရေးကို ဆန့်ကျင်သောရဲဘော်အချို့ ခွဲထွက်သွားခဲ့ပါသည်။
၁၉၇၅ ခုနှစ် ကရင်အမျိုးသားချင်း ပြန်လည်ပေါင်းစည်းခြင်းနှင့် ပတ်သက်၍ ဆရာစကောလယ်တောသည် သူရေးသားခဲ့သော ကရင့်တော်လှန်ရေးသမိုင်းမှတ်စုတွင် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သော လူမျိုးစုများအတွင်း သွေးကွဲခဲ့သည့် သမိုင်းဖြစ်စဉ်များအနက် ယခုကဲ့သို့ အမျိုးသားချင်း ပြန်လည်ပေါင်းစည်းနိုင်သည်မှာ ဤအကြိမ်သည် ပထမဦးဆုံးသော အကြိမ်ဖြစ်သည် ဟု မှတ်ချက်ချခဲ့လေသည်။
ဆရာကြီးစကောလယ်တောသည် ကရင်အမျိုးသားများကို အမှန်တကယ်ချစ်သော အမျိုးချစ်တယောက်ဖြစ်သည်။ အမျိုးသားကိုချစ်လျှင် အမျိုးသားရန်သူများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည် ဟူသော အဘိဓမ္မာကို ခံယူပြီး ကျောင်းဆရာဘ၀ကိုစွန့်လွှတ်၍ လက်နက်ကိုင်လမ်းစဉ်ကို ပြတ်ပြတ် သားသား ဆင်နွှဲခဲ့သူဖြစ်သည်။ သူခံယူသော အဘိဓမ္မာပေါ်တွင်လည်း သစ္စာရှိလေသည်။ ခေါင်းဆောင်တချို့သည် အမျိုးသားကို အကျိုးပြုရန် သစ္စာဆိုကြသည်။
နောက်ပိုင်း ရန်သူအား ဒူးထောက်အလျှော့ပေးကာ ကိုယ်ကျိုးအတွက် ရန်သူနှင့် ပူးပေါင်းလုပ်ဆောင်သွားကြပြီး အမျိုးသားအပေါ် သစ္စာမဲ့ ကျော ခိုင်းသွားကြသည်မှာ သာဓကပေါင်းများစွာရှိသည်။
ဆရာစကောလယ်တောမှာ သစ္စာတရားကြီးမားလှပြီး စိတ်ပြဌာန်းလျှင် စွဲစွဲမြဲမြဲရှိလှသည်။ ကိုယ့်ဒူး ကိုယ်ချွန်ပြီး ဆင်းတောင့်ဆင်းရဲဖြင့် တက္ကသိုလ်ဘွဲ့ကို ရယူခဲ့ပြီး ထိုပညာရပ်ကိုလည်း သူအလွန်တန်ဘိုးထားသည်။ ထိုပညာဖြင့် အမျိုးသားကို အလုပ်အကျွေးပြုရန်လည်း သူဆုံးဖြတ်ခဲ့သည်။ ကျောင်းဆရာဘ၀ဖြင့် ဘ၀တသက်တာကို မြှုပ်နှံရန်ပြင်ဆင်ခဲ့သည်။ အနစ်နာလည်းခံသည်။ သူကိုယ်တိုင် ကျောင်း၏ ဝေယျာ၀စ္စများကို ဆောင်ရွက်ရင်း ပညာရေးအတွက် စိုက်ပျိုးရေးလုပ် ခြံစိုက်ပြီး ကျောင်းရံပုံငွေ ရှာခဲ့ သည်သာမက ကျောင်းဆရာ၊ ဆရာမများကိုလည်း ကူညီနိုင်သည်အထိ ကြိုးပမ်းခဲ့သည်။
ခေါင်းဆောင်တချို့မှာ ပြည်သူ့ဘဏ္ဍာကို အလေးမထားဘဲ လက်ဖွာရေး ကျကြသည်။ ကိုယ်ကျိုးသုံး ကြသည်။ ဆရာစကောလယ်တောသည် အထက်တန်း ကျောင်းဆရာဘ၀က ကိုယ်တိုင်စိုက်ပျိုးရေးလုပ်ရင်း ရှာဖွေခဲ့သော ကျောင်းရံပုံငွေ (၁၂၀၀၀)တသောင်းနှစ်ထောင်ကို ကျောင်းကော်မတီထံ အပ်နှံပြီးမှ တော် လှန်ရေးကို ဝင်ရောက်ခဲ့သည်။ တော်လှန်ရေးတလျှောက်လုံး ငွေရေးကြေးရေးတွင် အလွန်စေ့စပ် သေချာပြီး ပြည်သူ့ငွေကြေးကို အလွန်ဂရုစိုက်တတ်သည်။
သူသည် ခရစ်ယာန်ဘာသာကို အလွန်ကိုင်းရှိုင်းသူတဦးဖြစ်သည်။ ခရစ်ယာန်တဦး လိုက်နာစောင့်ရှောင့်ရမည့် ၀တ္တရားနှင့် ကျင့်ကြံမှုအားလုံးကိုလည်း မပျက်မကွက် စောင့်ထိန်းခဲ့သူတဦးဖြစ်သည်။ သူ၏ဘ၀တွင် ခရစ်တော်ကို လေးလေးနက်နက်ယုံကြည်သည်ဟု ဝန်ခံခဲ့သည်။ သမ္မာကျမ်းစာအရ ခရစ်ယာန်တ ယောက်ဖြစ်လျှင် ဆင်းရဲသားကို ချစ်ရမည်။ အလုပ်အကြွေးပြုရမည်ဟု ခံယူထားသည်။ ထို့ကြောင့် ဘ ၀တလျှောက် ဆင်းရဲသားများကို ကူညီခဲ့သည်။ ဤသို့ ကူညီခြင်းသည် ခရစ်တော်ကို သစ္စာရှိသော တပည့်ဖြစ်သည်ဟု ခံယူသည်။
သူ၏ ဘာသာရေးယုံကြည်ချက်နှင့်ပတ်သက်၍ ဘုရားမဲ့ဝါဒီ ကွန်မြူနစ်ခေါင်းဆောင်အချို့နှင့် လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရာတွင် မည်သည့်ပြဿနာ တစုံတရာမျှမရှိခဲ့ပါ။ သူ့အား ဝေဖန်ထောက်ပြစရာပင် မရှိခဲ့ပါ။ ခေါင်းဆောင်အချို့သည် ကွန်မြူနစ်ဝါဒများကို ဆန့်ကျင်ကြသည်။ များသောအားဖြင့် ဘုရားမဲ့ဝါဒီများဖြစ်၍ ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်ရန် ငြင်းဆိုကြသည်။ ဆရာကြီးစကောလယ်တောသည် ကွန်မြူနစ်များနှင့် ပူးပေါင်းရာတွင် အလုပ်သမား၊ လယ်သမားတည်းဟူသော ဆင်းရဲသားများအတွက် အကျိုးပြုလုပ်ငန်းများဖြစ်သည် ဟူသော အခြေခံဦးတည်ချက် တခုတည်းနှင့် ညီညွတ်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် ခရစ်ယာန်တဦးလည်းဖြစ်၍ လက်ဝဲဝါဒီစစ်စစ်တဦးလည်းဖြစ်သည်။ KNUP အနေဖြင့် အလုပ်သမားပါတီတရပ်ထူထောင်ရေးတွင် သူသည် ဗဟိုကော်မတီဝင်လည်းဖြစ်၊ နိုင်ငံရေး ဦးဆောင်အဖွဲ့လည်းဖြစ်၍ ထိုအယူအဆကို တာဝန်ခံရန် အဆင်သင့်ရှိခဲ့ပေသည်။
သူသည် ကျောင်းသားဘ၀ ရောဘတ်အိုဝင်၏ လူမှုတော်လှန်ရေးကို အလွန်နှစ်သက်သည်။ တက္ကသိုလ် ကျောင်းများတက်နေစဉ် ကျေးရွာများသို့ဆင်းပြီး ကျေးလက်ပြုပြင်ရေးအဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ နောင်တွင် ကရင်အမျိုးသားများအတွက် ဆိုရှယ်လစ်စီးပွားရေးစနစ်သည် အသင့်တော်ဆုံး ဖြစ်သည်ဟု ယူဆခဲ့သည်။ ကွန်မြူနစ်နိုင်ငံကဲ့သို့မဟုတ်ဘဲ ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ်ရှိသည်ဟု ခံယူထား သည်။ ကရင်များသည် ရှေးမဆွကပင် စုပေါင်းလုပ်ကိုင်ခြင်း၊ စုပေါင်းစားသုံးခြင်းစနစ်ကို အစဉ်အလာ အရ ကျင့်သုံးခဲ့သူများဖြစ်ရာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင်ဘို့သင့်သည်ဟု ခံယူထားလေ သည်။
ဆရာကြီးစကောလယ်တောနှင့် ဥက္ကဌကြီးမန်းဘဇန်တို့၏ တူညီချက်နှင့် ခြားနားချက်အချို့ကို ကျနော် စစ်ကြောမိပါသည်။ ဥက္ကဌကြီးမန်းဘဇန်သည် ခရစ်တော်ကို ယုံကြည်သည်။ ဆိုရှယ်လစ်စနစ်ကိုလည်း ယုံကြည်သည်။ တိုးတက်သော အမျိုးသားရေးဝါဒီအဖြစ်ခံယူသည်။ ဤအချက်သည် သူတို့နှစ်ဦးတွင် တူညီကြသည်။ သို့သော် မန်းဘဇန်သည် အမျိုးသားပါတီတရပ်အနေဖြင့် အလုပ်သမားပါတီအဖြစ် ခံယူလုပ်ဆောင်ရန်ကိုကား အာမခံနိုင်ခြင်းမရှိခဲ့ပေ။ ဤကိစ္စသည် ဥက္ကဌကြီးမန်းဘဇန်အနေဖြင့် KNUP အား မလွဲမရှောင်သာ လမ်းခွဲခဲ့ရသော ကိစ္စဖြစ်လေသည်။
ဆရာကြီးသည် ဆင်းရဲသားဘ၀ကို ခံယူသည်။ ပစ္စည်းမဲ့လူတန်းစား ဘ၀လွတ်မြောက်ရေးတိုက်ပွဲကို ထောက်ခံသည်။ လက်တွေ့လည်း အားပေးဆောင်ရွက်သည်။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဆန့်ကျင်သည်။ ဆရာကြီးသည် သူ့ကိုယ်သူ ကွန်မြူနစ်ဟု မကြေငြာသော်လည်း ကွန်မြူနစ်ဆိုသူများ ထက် ဆင်းရဲသားဘ၀ကို လက်တွေ့ခံယူကျင့်သုံးသည်။ သူသည် ဘ၀တလျှောက်လုံး ခြိုးခြံစွာ စည်းကမ်းရှိစွာ နေထိုင်ခဲ့သည်။
အဆောင်အယောင်မရှိသော သူ၏ တဲငယ်တွင် တင့်တယ်စွာ နေထိုင်တတ် သည်။ အမျိုးသားအတွက်သော်၎င်း၊ မည်သည့်ဆင်းရဲသားများအတွက်သော်၎င်း ဆောင်ရွက်ရန် အသင့်ရှိသည်။ ၁၉၇၅ ခုနှစ်မှစ၍ KNU တွင် ပူးပေါင်းလုပ်ဆောင်စဉ်ကာလအတွင်း အဖွဲ့အစည်းအတွင်း လိုအပ်သော စာပေရေးရာကိစ္စအ၀၀ကို တာဝန်ယူဆောင်ရွက်ခဲ့လေသည်။
ဆရာကြီးစကောလယ်တောသည် သူ၏ နောက်ဆုံးတသက်တာတွင် KNU အစည်းအရုံး၏တာဝန်ကို ယူရင်း (၁)သနူးထူးစာစောင်ကို ကိုယ်တိုင် ဦးဆောင်ထုတ်ဝေခဲ့သည်။ (၂)KNU. Bulletin ကို ထုတ်ဝေခဲ့ သည်။ (၃)ကရင့်တော်လှန်ရေးသမိုင်း တစောင်ကို ပြုစုထားခဲ့သည်။ ဆရာကြီးသည် ၁၉၈၉ ခုနှစ် မတ်လ (၇)ရက်နေ့တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်စဉ်က အသက် (၇၄)နှစ်ဖြစ်သည်။ ပင်ပန်းဆင်းရဲစွာဖြင့် သင်ကြားတတ်မြောက်လာခဲ့သော ပညာကို မိမိ၏ ကရင်အမျိုးသားများနှင့် ဆင်းရဲသား လူတန်း စားများအတွက် ဘ၀တသက်တာ အကျိုးပြုခဲ့သော ခေါင်းဆောင်တဦးအဖြစ် မှတ်တမ်းတင်အပ်ပါ သည်။






Leave a comment