လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်နှင့် ကချင်လူမျိုး၊ ရခိုင်လူမျိုးများနှင့် ဆက်ဆံရေး

၁၉၅၃ ခုနှစ်မှ ၁၉၇၅ ခုနှစ် အကြား ၁၉၆၃ ခုနှစ်တွင်၊ ရန်နိုင်ဆွေ ဦးစီးသည့် ရခိုင်အမျိုးသားတပ်ဦး၊ ကိုယ်စားလှယ်အဖွဲ့သည် ကေအဲန်ယူပါတီဗဟိုသို့ ရောက်ရှိ လာပြီး၊ ဘုံရန်သူကို ပူးပေါင်း တိုက်ခိုက်ရန်၊ အပြန်အလှန်ကူညီရန် စသည်များကို ကေအဲန်ယူ ပါတီမှ လက်ခံပြီး သဘောတူညီမှုများ ရခဲ့သည်။ တပ်ဦး ဥက္ကဋ္ဌ ရန်နိုင်ဆွေသည် ရခိုင်ပြည် အပြန်ခရီးတွင်ပင် အဖမ်းခံရသဖြင့် ဆက်လက် မလှုပ်ရှားနိုင်ခဲ့ပေ။ နောက်ပိုင်း ဘုန်းတော် ကြီး ဦးပညာဝံသသည် ကေအဲန်ယူပါတီသို့ တကြိမ်မက လာရောက်ဆွေးနွေးခဲ့သည်။ မြစ်ဝကျွန်းပေါ်တွင်လည်း ရခိုင်အဖွဲ့များ ရောက်လာ ကြပြီး၊ လက်နက်ကိုင် တော်လှန်ရေး စတင်ရန် ဆက်သွယ်ကြသည်။ ကေအဲန်ယူပါတီ ခေါင်းဆောင်များကလည်း တတ်နိုင်သ၍ အကူအညီများ ပေးခဲ့ ကြသည်။ သို့သော် အဖွဲ့အတွင်း အချင်းချင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင် ကြသဖြင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ ရောက်မလာခဲ့ပေ။

၁၉၇၀ နောက်ပိုင်း၊ မန်းဘဇန်သည် ကေအဲန်ယူပါတီမှ ခွဲထွက်ကာ ဗိုလ်မြနှင့် ပူးပေါင်းစဉ် K.N.U. ကို ပြန်လည်ဖွဲ့စည်းသော ကာလတွင်၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ခိုင်မိုးလင်းအဖွဲ့ ရောက်ရှိလာပြီး၊ K.N.U. နယ်မြေအတွင်း၌ ပူးတွဲလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ A.L.P. ဗိုလ်မှူးခိုင်မိုးလင်းနှင့်အဖွဲ့ ရခိုင်သို့ အပြန်လမ်းတွင် ရန်သူ၏ ဝိုင်းပတ် ချေမှုန်းခြင်းကို ခံခဲ့ရသဖြင့် ခိုင်မိုးလင်းနှင့်အတူ ရဲဘော်အခ့ျို ကျဆုံးခဲ့ရပြီး အခ့ျိုမှာ အဖမ်းခံခဲ့ရသည်။ 

ကချင်လူမျိုးများနှင့် ကရင့်လက်နက်ကိုင် တော်လှန်ရေးသည်၊ ၁၉၄၉ ခုနှစ် ကတည်းက အတူ ပူးတွဲ တော်လှန်ခဲ့ကြသည်။ ကရင်တို့ တော်လှန်ရေး စတင် သောအခါ ကချင်လက်နက်ကိုင်တပ်ရင်း(၁) မှ ဗိုလ်နော်ဆိုင်းသည်၊ ကချင် တပ်ရင်း (၁)မှ တပ်ခွဲ(၂)ခွဲကို ဦးဆောင်ပြီး ကေအဲန်ယူဘက်မှ ကူညီ တိုက်ခိုက်ခဲ့သည်။ ကရင် တပ် အခ့ျိုနှင့် ပူးပေါင်းပြီး နော်ဆိုင်းဦးဆောင်သော တပ်စု တစုသည် မိတ္ထီလာမှ လေယာဉ် တစီးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မေမြို့အနီးတွင် ထိန်းသိမ်းခံထားရသော ကရင် တပ်ဖွဲ့များကို သွားရောက် ကယ်တင်ခဲ့သည်။ ဆက်လက်ပြီး မန္တလေး အကျဉ်းထောင်တွင် အဖမ်းခံနေရသော ကရင်အမျိုးသား လက်နက်ကိုင် အမှုထမ်းများ အားလုံးကိုလည်း သွားရောက် လွှတ်ပေးခဲ့သည်။ 

နော်ဆိုင်း၏ ရည်ရွယ်ချက်မှာ ကရင်များလွတ်လပ်ရေးရပါက ကချင်ပြည် သို့ပြန်ပြီး ကချင် လွတ်လပ်ရေးကို တိုက်ခိုက်ရယူရန် ရည်ရွယ်ခဲ့သည်။ ကရင်တပ် ဖွဲ့နှင့် တနှစ်နီးပါး အတူလက်တွဲ တိုက်ပွဲဝင်ခဲ့သည်။ ညောင်လေးပင် ဒိုက်ဦး စစ်မြေပြင်တွင် ကချင်စစ်သား အများအပြား အသက်ပေး သွားကြသည်။ ၁၉၄၉ ခုနှစ် နှစ်ကုန်တွင် ကရင်စစ်သားများနှင့်အတူ ကချင်ပြည်သို့ ချီတက်ခဲ့သည်။ လမ်းတွင် ရှမ်းပြည်နယ် နမ့်ခမ်းသို့ ရောက်သောအခါ ကရင်ဆရာဝန်နှင့် ဆရာမ အားလုံးလိုလို သူနှင့် လိုက်ပါသွားကြသည်။ ကချင်လွတ်လပ်ရေးအတွက် ကချင် အများအပြားရှိသည့်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ်းခမ်းစသည့်နယ်မြေများကို အခြေခံပြီး တိုက်ပွဲဝင်ခဲ့သည်။ ရန်သူက သူ့ကို ပြင်းပြင်းထန်ထန် လိုက်လံတိုက် ခိုက်သဖြင့် တရုတ်ပြည်ဘက်သို့ ကူးသွားခဲ့သည်။ 

ဗိုလ်နော်ဆိုင်း တရုတ်ပြည်တွင်းသို့ ရောက်နေစဉ် လားရှိုး၌ ကျန်ရှိ နေသော တပ်မှူးဇော်ဆိုင်း သည် ကေအဲန်ယူ၌ ကျန်ခဲ့သော တပ်တချို့ကို ပြန် ခေါ်ရန် အောက်ပိုင်းသို့ ဆင်းလာခဲ့သည်။ လမ်းတလျှောက် ဖြတ်သန်းခဲ့ရသော ပအိုဝ်း နယ်မြေ၊ ကရင်နီနယ်မြေ၊ သံလွင်အရှေ့ဘက်ကမ်း ဒေသများတွင်၊ ရန်သူနှင့် အကြိမ်ကြိမ် တိုက်ခိုက်ပြီး၊ နောက်ဆုံး ကေအဲန်ယူနယ်မြေ အရှေ့တိုင်းသို့ ရောက်ခဲ့သည်။ အရှေ့ တိုင်း ဒေသတွင် စောင့်ဆိုင်းရင်း၊ ၁၉၅၃ ခုနှစ်တွင်၊ နော်ဆိုင်းကိုယ်တိုင် တရုတ် ကွန်မြူနစ် ပါတီသို့ဝင်ရောက်သွားကြောင်း သတင်းကို ရသောအခါမှ မြောက်ပိုင်းသို့ ပြန်သွားကြ သည်။ 

ဗိုလ်ဇော်ဆိုင်းသည် ကချင်တက္ကသိုလ် ကျောင်းသားများနှင့် ဆက်သွယ်ပြီး ၁၉၅၈ ခုနှစ်တွင်၊ ကွတ်ခိုင်သို့ ပြန်တက်သွားသည်။ ကျန်ရှိသေးသော ကချင် စစ်သား များကိုလည်း တသုတ်ပြီးတသုတ် စီစဉ်ပို့ဆောင်ရာ နောက်ဆုံးတွင် အားလုံး ချောချော မောမော ရောက်ရှိသွားကြသည်။ ထို့နောက် ၁၉၅၈ ခုနှစ်တွင် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် K.I.O. ကို ဖွဲ့စည်းလိုက်သည်။ နောက် (၂)နှစ်အကြာ ၁၉၆၀ ခုနှစ်၊ ဖေဖော်ဝါရီ လ (၅)ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် K.I.A. ကို ဖွဲ့စည်းသည်။

၁၉၆၅ ခုနှစ်၊ K.N.U.P. ထံသို့ အကူအညီ တောင်းခံခဲ့ဖူးသည်။ ၁၉၆၅ ခုသည်၊ K.N.U.P. မှ အခက် အခဲရှိသဖြင့် ငွေအနည်းသာ အကူအညီ ပေးနိုင်ခဲ့သည်။

၁၉၇၀-၇၅။ K.N.U.P. မှ တံခွန်နီ ကိုယ်စားလှယ်အဖွဲ့၏ မြောက်ပိုင်းခရီးစဉ် အပြန်တွင်၊ K.I.A. မှ ခေါင်းဆောင် “ဇော်တန်”နှင့် အဖွဲ့အား၊ ရန်သူ၏ လျှို့ဝှက် ကြေးနန်းများကို ဖော်ထုတ်ရန် နည်းစံနစ်များကို လအနည်းငယ် အချိန်ယူ၍ သင်တန်း ပေးခဲ့သည်။ “ဇော်တန်”၏ ကချင်အဖွဲ့တွင် ကရင်လူငယ် ကျား/မ အခ့ျို ပါဝင်ဆဲ ရှိလေသည်။ 

၁၉၇၅ ကာလသည် ကချင်လွတ်လပ်ရေးအဖွဲ့နှင့် (ဗကပ)များ နယ်မြေကိစ္စနှင့် ပတ်သက်၍ လက်နက်ကိုင် ပဋိပက္ခဖြစ်နေသော အချိန်ကာလလည်း ဖြစ်သည်။ ၁၉၇၃-၇၄ K.N.U.P. ၏ တံခွန်နီအဖွဲ့ အပြန်ခရီးတွင် ဆရာကြီး စကောလယ်တောနှင့် တွေ့ဆုံပြီး အပြန်ခရီးတွင် (ဗကပ)တို့၏ ဝိုင်းဝန်းတိုက် ခိုက်မှုကြောင့် “ဇော်တန်” ကျဆုံးခဲ့ရသည်။ သူနှင့်အတူ ကရင် အမျိုးသား ကြားဖြတ်စက် သင်တန်းသားအခ့ျို လည်း ကျဆုံးခဲ့သည်။ 

ကေအဲန်ယူ ဒုတိယလမ်းစဉ်နှင့်လူမျိုးစုံ လူတန်းစား အသီးသီးပါဝင်သော တပ်ပေါင်းစု တည်ဆောက်ရေး

၁၉၅၆ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင်၊ ဖာပွန်မြို့နယ်ရှိ ကေအဲန်ယူ ဗဟို စခန်း၌ ဒီမိုကရက်တစ် လူမျိုးများ ညီညွတ်ရေးတပ်ဦး (ဒလညတ)ကို ဖွဲ့စည်းခဲ့သည်။ ပါဝင်သော အဖွဲ့အစည်းနှင့် ခေါင်းဆောင်များမှာ၊ –

၁။ ဟံတာသာမွှေး ကေအာရ်စီ၊

၂။ မန်းဘဇန် ကေအာရ်စီ၊

၃။ ကော်ကဆာထောပလို ကေအဲန်ပီပီ၊

၄။ ဒေါ်သိန်းမြ ကေအဲန်ပီပီ၊

၅။ ဗိုလ်ဘခင် ပီအဲန်အို၊

၆။ နိုင်အောင်ထွန်း မွန်ပြည်သူ့ တပ်ဦး၊

၇။ နိုင်ရွှေကျင် မွန်ပြည်သူ့ တပ်ဦး၊

(က) လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ စုပေါင်း၍ တပ်ပေါင်းစု ဖွဲ့ရန်၊

( ခ) လူမျိုးစုံ အခွင့်အရေး အပြည့်အဝ ရရှိရန်၊

( ဂ) ကျယ်ပြန့်သော ဒီမိုကရေစီ တပ်ပေါင်းစုကြီး ဖွဲ့စည်းရန်၊

၁၉၅၆ ခုနှစ်၊ “ချင်း”အမျိုးသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း

“မောကို”ညီလာပြီးနောက်၊ ဗဟိုနိုင်ငံရေးသင်တန်းကို၊ “မယ်ဝိုင်”တွင် ကျင်းပ ပြုလုပ်စဉ်၊ “ချင်း” ဦးစီးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကေအဲန်ယူ တပ်မဟာ(၃) ဋ္ဌာနချုပ် ဖြစ်သော၊ “လယ်ထခီး”သို့ ရောက်ရှိ လာကြပြီး၊ ကေအဲန်ယူပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံခဲ့ကြသော နှစ်ဘက် ခေါင်းဆောင်များမှာ၊

၁။ စကောလယ်တော၊ ၂။ မန်းဖလားစေး (ဆရာဘာဟု)၊

၁။ ဆလိုင်းသာထူး (ဥက္ကဋ္ဌ)၊ ၂။ ဆလိုင်းသာဦး (ဗဟိုဋ္ဌာနချုပ်မှ လူငယ်တဦး)

၁၉၆၀ ခုနှစ် ဧပြီလတွင်၊ လူမျိုးစုများ လွတ်မြောက်ရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းသည်။ ဟန်တာသာမွှေးမှ ဦးစီးပြီး အောက်ပါ အဖွဲ့များကို ဖိတ်ကြား ခဲ့သည်။ 

(ကေအဲန်ယူပါတီကို ဖွဲ့စည်းခဲ့သော်လည်း ဟန်တာသာမွှေးနှင့်အဖွဲ့သည်၊ ကေအာရ်စီ (K.R.C.) ခေါ် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။)

၁။ ကရင်နီအဖွဲ့၊

၂။ ရှမ်းအဖွဲ့၊

၃။ ကချင်ကျောင်းသားများ အဖွဲ့မှ တက်ရောက်သည်။ (ထိုစဉ်က ကချင် လက်နက်ကိုင် မစသေးပါ)။

၁၉၆၅ ခုနှစ်၊ သြဂုတ်လတွင် “လူသော”မြို့နယ်၊ “ထီးထာ” ရွာတွင်၊ “ညီညွတ်သော လူမျိုးစုများ တပ်ဦး”ကို ဖွဲ့စည်းခဲ့သည်။ ဤတပ်ပေါင်းစုသည် နယ်ခ့ျဲ ဆန့်ကျင်ရေး၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေး အခြေခံအပေါ်တွင် ဖွဲ့စည်းခဲ့သော တပ်ပေါင်းစု တခုဖြစ်သည်။ 

ညီညွတ်သော လူမျိုးစုများ တပ်ဦး (ညလတ)၊

United National Front (UNF) 

၁။ ကေအဲန်ယူပါတီမှ မန်းဘဇန်၊

၂။ ကရင်နီအဖွဲ့မှ စောမောရယ်၊

၃။ ရှမ်းပြည်စစ်ကောင်စီ (S.S.W.C.) ဗိုလ်မှူး ဆေထင်၊

၄။ ကယန်းပြည်သစ်ပါတီ K.N.L.P. ဦးရွှွေအေး (ငိန်းလူထား)၊

၅။ ဇိုမီး ချင်းအမျိုးသားတပ်ဦး ဟန်ခန်းထန်၊

၁၉၆၇ ခုနှစ်၊ ကရင်နီ ဗဟို “ဂေဂေါ်ပယ်လ်” တွင် လူမျိုးစုများ ညီညွတ်ရေး တပ်ဦး “လညတ” National United Front (NUF) ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်ခဲ့သည်။

၁။ မန်းဘဇန် (ကေအဲန်ယူပါတီ)၊

၂။ ဗိုလ်ချုပ်ကော်ထူး (ကေအဲန်ယူပါတီ)၊

၃။ စောမောရယ် (ကေအဲန်ပီပီ)၊

၄။ နိုင်ရွှေကျင် (မွန်ပြည်သစ်ပါတီ)၊

၅။ နိုင်ဆံမိတ် (မွန်ပြည်သစ်ပါတီ)၊

၆။ ဂျင်မီ (ဇိုမီ ချင်းအမျိုးသားတပ်ဦး)၊

၇။ ဦးရွှေအေး (ကေအဲန်အယ်ပီ)၊ K.N.L.P.

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts