လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း
ပအိုဝ်းတော်လှန်ရေး
ကိုလိုနီခေတ်မှစပြီး ကရင့် တော်လှန်ရေး စတင်သည့် အချိန်အထိ ပအိုဝ်း လူမျိုးကို ကရင် မျိုးနွယ်စု တခု အဖြစ် အသိအမှတ် ပြုထား ကြသည်။ ပအိုဝ်း လူမျိုးကို ယခင်က “တောင်သူ” ဟု ခေါ်ကြသည်။
ကိုလိုနီခေတ်တွင် ပအိုဝ်း ခေါင်း ဆောင် ဦးလှဖေသည်၊ ဗြိတိသျှ ပါလီမန် တွင် ကရင်အမျိုးသားကို ကိုယ်စားပြုပြီး၊ ကရင်အမတ်တဦးအဖြစ်ဖြင့် ရွေးချယ် ခံ ရသည်။ ကေအဲန်ယူ အစည်းအရုံး စတင် ဖွဲ့စည်းသောအခါ ဦးလှဖေကို ဒုတိယ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်။
၁၉၄၉ ခုနှစ်၊ ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး စသောအခါ၊ တောင်ငူမြို့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းရာတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်သည်။ ၁၉၅၀ ခုနှစ်၊ စောဘဦးကြီး ကွယ်လွန် သောအခါ ကေအဲန်ယူ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရန် နှစ်ကြိမ်တိတိ ကမ်းလှမ်းခြင်း ခံခဲ့ ရသည်။
ကရင့်တော်လှန်ရေးစခဲ့သည့် ၁၉၄၉ ခုနှစ်တွင် အောက်ဗမာပြည်ရှိ ပအိုဝ်းများ ပါဝင် တိုက်ခိုက် ခဲ့ကြသည်။ ကရင့်တပ်မတော်မှ တောင်ကြီးမြို့ကို သိမ်းပိုက်သည့် နောက်ပိုင်းတွင်၊ ရှမ်းပြည်ရှိ ပအိုဝ်းအမျိုးသားများက လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ကြသည်။
၁၉၄၉ ခုနှစ်တွင်၊ ကော်သူးလေ အစိုးရကို ဖျက်သိမ်းပြီး၊ စစ်အုပ်ချုပ်ရေး ချမှတ်သောအခါ စောဘဦးကြီးသည် ဦးလှဖေအား၊ ပအိုဝ်းဒေသတွင် ပအိုဝ်း လက် နက်ကိုင် တော်လှန်ရေးကို အကူ အညီပေးရန် စေလွှတ်ခဲ့သည်။
ထိုအချိန်က ပအိုဝ်းအဖွဲ့အစည်းမှာ “ပအိုဝ်း လွန်ပူး” အဖွဲ့ဖြစ်သည်။ ပအိုဝ်း အဖွဲ့ ခေါင်းဆောင်များမှာ ဖြားတန်နမ်းအော၊ ဗိုလ်ချုပ် ချန်ဆုံ၊ အတွင်းရေးမှူး ခရစ္စတီးစံလုံး၊ စစ်ဗျူဟာမှူး ဗိုလ်စပါယ်ရှယ်တို့ ဖြစ်ကြသည်။
ပအိုဝ်းလက်နက်ကိုင် တော်လှန်ရေးသည် ရှမ်း မြေရှင်ပဒေသရာဇ်နှင့် ရှမ်း စော်ဘွားများကို ဆန့်ကျင် တိုက်ခိုက်မှုမှ စတင်ခဲ့သည်။ ရှမ်းစော်ဘွားများ၊ တိုက်သူကြီး များသည် ပအိုဝ်းလူမျိုးများအပေါ် အနိုင်ကျင့်ဖိနှိပ်မှုကြောင့် လက်နက်ကိုင် တော်လှန် တိုက်ခိုက်ခဲ့ကြသည်။ ပအိုဝ်းနှင့် ရှမ်း အပြန်အလှန် တိုက်ခိုက်မှု၊ ကျေးရွာများကို အပြန်အလှန် မီးရှို့မှုများ ဖြစ်သည်။ ရှမ်းပြည် တောင်ပိုင်းတွင် ပအိုဝ်း လူမျိုးများက အင်အားပိုမိုသာလွန်သဖြင့်၊ ရှမ်းကျေးရွာများကို ပိုမို ပျက်စီးစေပြီး အသက် ဆုံးရှုံးရမှု များမှာလည်း ပိုမို များပြားခဲ့သည်။
၁၉၅၄ ခုနှစ်၊ ပအိုဝ်းခေါင်းဆောင်များက ကရင့်တော်လှန်ရေးသို့၊ နိုင်ငံရေး ရှေ့ဆောင်မှုပေးရန် အကူအညီ တောင်းခံလာရာ၊ ဗိုလ်စံလင်းနှင့် ဗိုလ်အေးဟန် တို့ကို စေလွှတ်ခဲ့သည်။ ဆေးဝါးကုသမှုနှင့်ပတ်သက်၍ ကရင်နီတွင်အမှုထမ်း နေသော ဆရာမ နှစ်ဦးဖြစ်သူ နော်ရုသ နှင့် နော်ရှားခူ တို့ကို စေလွှတ်ခဲ့သည်။ ထိုအချိန်က ကရင်နီသည် ကေအဲန်ယူ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး၊ နယ်မြေ ခြင်းလည်း ထိစပ်နေခြင်းကြောင့် အလွယ်တကူ စီစဉ်နိုင်ခဲ့သည်။
၁၉၅၆ ခုနှစ်တွင်၊ “ပအလဖ” ခေါ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ P.N.L.O. “Pao National Libration Organization” အဖြစ် တည်ရှိခဲ့သည်။
ခေါင်းဆောင်များမှာ –
၁။ ဗိုလ်ချုပ် ချန်ဆုံ ဥက္ကဋ္ဌ၊
၂။ ခရစ္စတီးစံလုံး အတွင်းရေးမှူး၊
၃။ ဗိုလ်စပါယ်ရှယ် စစ်ဦးစီးချုပ်၊
နာယကများမှာ – ၁။ ဖြားတန်နမ်းအော၊
၂။ ဖြားတန်လောင်ခဲ၊
၃။ ဖြားတန်တောင်းပလိုင်း၊
အကြံပေးပုဂ္ဂိုလ်များမှာ- ၁။ ဦးလှဖေ နှင့်
၂။ ဗိုလ်စံလင်းတို့ဖြစ်သည်။
၁၉၅၈ ခုနှစ်တွင် ပအိုဝ်း အဖွဲ့ခေါင်းဆောင်များဖြစ်သော၊ ဦးလှဖေ၊ ဗိုလ်စံ သိန်း၊ ဗိုလ်ကြီးအောင်ခမ်းထီတို့သည်၊ ရန်သူ့ထံ လက်နက်ချသွားကြသည်။ ရန်သူ့ထံ အညံ့မခံသော ပုဂ္ဂိုလ်မှာ ဘုန်းတော်ကြီး ဆရာတော် ဦးနေမိ ဖြစ်သည်။ ဆရာတော် ဦးနေမိသည်၊ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးကို ဆက်လက် စည်းရုံး လှုံ့ဆော်ပြီး ခေါင်းဆောင်မှု ပေးခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ဗိုလ်စံသိန်း၊ အောင်ခမ်းထီ၊ ဗိုလ်ကြီးအောင်ခမ်းတို့သည် လက်နက်ကိုင် တော်လှန်ရေးတွင် ပြန်လည် လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက် ဗကပ မှ ဗိုလ်လှမောင်ဆိုသူသည် ကွန်မြူနစ်ပါတီမှထွက်ကာ လာရောက် ပူးပေါင်းသည်။ ဦးလှဖေ နောက်သို့ လိုက်သွားသော ဗိုလ်တာကလယ် မှာလည်း ပြန်လည် ဝင်ရောက် လာသည်။
၁၉၆၇ ခုနှစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့။ ပအလဖ ကို ဖျက် သိမ်းပြီး၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ကို ဖွဲ့စည်းလိုက် ကြသည်။ ပအိုဝ်းနယ်မြေတွင်ရှိသော လူမျိုးစုံ ပြည်သူများ အားလုံး ပါဝင်လာပြီး၊ နေဝင်း စစ်အစိုးရကို ပူးပေါင်းတိုက်ခိုက်ရန် ထိုသို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပအိုဝ်း တော်လှန်ရေးကို ကူညီရန် ကေအဲန်ယူပါတီမှ ဗိုလ်စံလင်း၊ ဗိုလ်မှူး ဘောလ်ဒွင်အပြင် အခါအားလျော်စွာ လိုအပ်သော အကူအညီများကို ပေးခဲ့သည်။
ပအိုဝ်း တော်လှန်ရေးတွင် ဗိုလ်တာကလယ် ဥက္ကဋ္ဌ တာဝန်ယူနေချိန်တွင် ဗကပ ဗဟို ကော်မတီဝင်တဦးဖြစ်သူ ဦးအောင် (ခေါ်) ဗိုလ်မျိုးမြင့်မှ လာရောက်၍ နိုင်ငံရေး သင်တန်းကို ပို့ချခဲ့သည်။ ထို့နောက် ဗကပ မှ ပြောင်းလာသော ဗိုလ်လှအောင်၊ ဗိုလ် တာကလယ် တို့နှင့် ပူးပေါင်းပြီး ပအိုဝ်း တော်လှန်ရေးကို လူတန်းစား တော်လှန်ရေးသို့ ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။
ဦးလှဖေ နှင့် အောင်ခမ်းထီ အဖွဲ့သည် အမျိုးသားဒီမိုကရေစီ တော်လှန် ရေးလမ်းစဉ်ကို ချမှတ် ရှေ့ဆောင်ခဲ့သည်။ အဖွဲ့ (၂)ဖွဲ့ကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပြီး နှစ်ဘက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။ အစ ပထမတွင် တာကလယ်တို့ အဖွဲ့မှာ အင်အားကောင်းသော်လည်း နောက်ပိုင်းတွင် ဦးလှဖေကို အများစုက ထောက်ခံလာ သည်။ ပအိုဝ်း နယ်မြေ (၉)ခုတွင်ဦးလှဖေ နောက်သို့ နယ်မြေ (၇)ခု လိုက်ပါလာသည်။ ၁၉၇၅ ခုနှစ်တွင် ဦးလှဖေ ကွယ်လွန်ပြီးနောက် အောင်ခမ်းထီ၊ ခွန်ရဲနောင်၊ ဦးကျော်စိန် တို့ ပူးပေါင်းပြီး၊ (ပအမဖ) ကို ပအိုဝ်း အမျိုးသားအဖွဲ့ (P.N.O.) ဟု အမည်ပြောင်းလဲ ခေါ်ဆို ခဲ့သည်။
ခွန်ရဲနောင် ရှမ်းပြည်သို့ ပြန်နေသောအချိန်သည်၊ ဗိုလ်တာကလယ်သည် နောက်လိုက်အင်အား (၁၀၀)ကျော်နှင့် မြောက်ပိုင်းသို့ ချီတက်ကာ (ဗကပ) ခေါင်းဆောင် များနှင့် သွားရောက် တွေ့ဆုံကြသည်။ ဗိုလ်တာကလယ်အဖွဲ့ အရှေ့ မြောက်ပိုင်းတွင် တနှစ်ကျော်ကြာပြီးနောက် လက်နက်အပြည့်အစုံဖြင့် တောင်ပိုင်းသို့ ဆင်းလာကြသည်။ ဗိုလ်တာကလယ်နှင့်အတူ (ဗကပ) မှ တပ်ခွဲ(၂)ခွဲ၊ အင်အား အပြည့် နှင့် လိုက်ပါလာ လေသည်။ ဗိုလ်တာကလယ်အဖွဲ့က “ရလလဖ” ဟုပင် ဆက်လက် အမည် ခံခဲ့သည်။ ဗိုလ်တာကလယ်အဖွဲ့တွင် အမြင့်ဆုံး တပ်မှူးများ၊ အောက်ခြေ တပ်မှူးများသည် ကရင်လူမျိုးအများစု ဖြစ်သည်။ ကရင်နီနယ်စပ်တွင် အခြေခံပြီး၊ တခ့ျိုမှာ ပလောင် ဒေသသို့ ကူးပြောင်းကာ၊ ကယန်းပြည်သစ် နယ်မြေတွင် အခြေချ လေသည်။
ကယန်း တော်လှန်ရေး
ကယန်းလူမျိုးများသည် ကရင်ပြည်နယ် အနောက်ခြမ်းတွင် နေထိုင်သည်။ ဘော်လခဲ အထက်ပိုင်း နယ်မြေဖြစ်သည်။ အများစုမှာ ရှမ်းပြည် တောင်ပိုင်း ရေတာရှည် အရှေ့ပိုင်း၊ တောင်ပေါ် ဒေသနှင့် တောင်ခြေဒေသ မိုးဗြဲနယ်တွင် နေထိုင်ကြသည်။ ဘွဲ ကရင်အနွယ်များလည်းဖြစ်သည်။ အရှေ့ ဘွဲ ကရင်က ၎င်းတို့ကို ကရင်နီဟု ခေါ်သည်။ ယခင်က ပဒေါင်လူမျိုးဟု ခေါ်သော ဘွဲ ကရင်သည်၊ နောက်ပိုင်းတွင် ကယန်းဟူ၍ ၎င်းတို့ကို ခေါ်ဆိုကြသည်။ အများစုမှာ ဗရင်ဂျီဘာသာကို ကိုးကွယ်ကြသည်။ နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်များလည်း အများအပြား ရှိသည်။
ကရင်နီပြည်တွင် တော်လှန်ရေးစသောအခါ ကရင်နီပြည်နယ်အတွင်း နေထိုင် ကြသော၊ ကယန်း လူမျိုးများအတွင်း နှစ်ခြင်းခရစ်ယာန်များ တော်လှန်ရေးတွင် ပါဝင်လာ ကြသည်။ ဗရင်ဂျီ ဘာသာဝင် ကယန်းများကမူ ရန်သူ၏ လှည့်စား မှိုင်းတိုက်မှုကြောင့် တော်လှန်ရေးကို ဆန့်ကျင်ခဲ့ကြသည်။ နောက်ပိုင်း စစ်အစိုးရက စီးပွားရေးလုပ်ငန်းများ အား ပြည်သူပိုင်သိမ်းခြင်း၊ ငွေစက္ကူများကို တရားမဝင်ကြေညာခြင်း၊ သာသနာပြု ဘာသာ ရေး အဆောက်အဦများကို ဖျက်သိမ်းကာ အစိုးရကျောင်းများအဖြစ် ပြောင်းလဲပစ်သော အခါတွင်မှ၊ ဗရင်ဂျီဘာသာဝင် ကယန်းလူမျိုးများမှာ လက်နက်စွဲကိုင်ပြီး စစ်အစိုးရကို တော်လှန် တိုက်ခိုက်လာ ကြသည်။
၁၉၆၄ ခုနှစ်တွင်၊ U.M.P. တပ်မှ တပ်ရင်း(၇) တပ်ရင်းမှူးဖြစ်သူ ဗိုလ်ပြန် (ဂေဘရယ်ပျန်)သည်၊ ကယန်းလူထု (၁)ထောင်ကျော်ခန့်ကို စည်းရုံးပြီး၊ လက်နက်စွဲ ကိုင်ကာ ရန်သူ စစ်စခန်းများကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ရန်သူထံမှ လက်နက် အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြသည်။ သို့သော် အခိုင်အမာ အခြေချခြင်း မပြု နိုင်မီမှာပင် ရန်သူ၏ တန်ပြန်ထိုးစစ်ကြောင့် နယ်မြေအမြောက်အများ ရန်သူ့ လက်တွင်း ပြန်လည် ကျရောက်သွားရသည်။ နောက်ပိုင်းတွင် ရန်သူက နိုင်ငံရေးအရ လှည့်စားကာ ဗရင်ဂျီ ဘုန်းတော်ကြီးများကို ချဉ်းကပ်လျက် အခွင့်အရေးများဖြင့် စည်းရုံးခဲ့သဖြင့် လအနည်းငယ်အတွင်းမှာပင် လက်နက်ချအညံ့ခံကုန်ကြသည်။ ကယန်းအဖွဲ့မှ ငိန်းလူထား (ခေါ်) ဦးရွှေအေး နှင့် အဖွဲ့သား (၄ – ၅) ယောက်ခန့်သာ ကျန်ခဲ့ပြီး တော်လှန်ရေးကို ဆက်လက်ချီတက်ခဲ့သည်။
ငိန်းလူထား သည်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား တယောက်ဖြစ်သည်။ စစ်အာဏာရှင်ကို ရွံ့ရှာမုန်းတီးပြီး၊ တော်လှန်ရေး ဗဟုသုတ ကြွယ်ဝသူ တဦးလည်း ဖြစ်သည်။ သူသည် ကယန်း တော်လှန်ရေးသမားများ အားလုံးနီးပါး လက်နက်ချသော အချိန်တွင် ကေအဲန်ယူပါတီသို့ ရောက်ရှိလာခဲ့ပြီး၊ အကြံဉာဏ်နှင့် လက်နက်များကို အကူအညီပေးရန် တောင်းခံခဲ့သည်။ ကေအဲန်ယူပါတီက လက်နက်များအပြင် အကြံ ဉာဏ်များနှင့်လည်း အားပေးကူညီခဲ့သည်။ စိတ်ဓါတ် မကျရန်နှင့် တော်လှန်ရေး အလံကို မြင့်မြင့်မားမား လွှင့်ထူရန်၊ အခြားသော မဟာမိတ်များနှင့် လက်တွဲ ဆောင် ရွက်ကြရန်၊ အပြန် အလှန် ကူညီခြင်းပြုလုပ်ကြရန် စသည့်အကြံများ ပေးခဲ့သည်။
ကေအဲန်ယူပါတီ၏ အကူအညီဖြင့် လက်နက်ကိုင် အင်အား (၁၀)ကျော် ဖြစ်လာသည်။ ကရင်နီ လက်နက်ကိုင်တော်လှန်ရေးနှင့်လည်း ဆက်သွယ်ရာ၊ အကူ အညီများ ရလာသဖြင့် အင်အား (၃၀)ကျော်ဖြစ်လာခဲ့သည်။ ရန်သူကို ပြတ်ပြတ် သား သား တိုက်ခိုက်သဖြင့် ကယန်းပြည်သူများကလည်း သူ၏ ခေါင်းဆောင်မှုကို ထောက်ခံ လာခြင်းကြောင့် နယ်မြေများ ကျယ်ဝန်းလာခဲ့သည်။
၁၉၆၅ ခုနှစ်၊ “ညလတ” ခေါ် ညီညွတ်သော လူမျိုးစုများ တပ်ဦးကို ဖွဲ့စည်းသောအခါ တပ်ပေါင်းစုတွင် ပါဝင်လာခဲ့သည်။ နောက်ပိုင်း ၁၉၇၆ ခုနှစ် “လညတ”သို့ ပြောင်းလဲ ဖွဲ့စည်းရာတွင်လည်း ပါဝင်ခဲ့သည်။ ထိုတပ်ပေါင်းစုတွင် ကရင်၊ ကရင်နီ၊ ကယန်း လူမျိုးများနှင့်အတူ ထိုတပ်ပေါင်းစုတွင် အင်အား (၁၀)ယောက်ဖြင့် ပူးပေါင်း ပါဝင်ခဲ့သည်။ ကယန်းလက်နက်ကိုင် တော်လှန်ရေးသည် ကယန်း နိုင်ငံတော်ကို ထူထောင်ရန်မဟုတ်။ လူမျိုးများတန်းတူပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုသာ တောင်းဆိုနေ ခြင်းဖြစ်သည်။
“ရှမ်း”တော်လှန်ရေး
၁၉၅၈ ခုနှစ် မေလ(၂၁)ရက်နေ့တွင် စဝ်နွဲ့ ဦးဆောင်သော ရှမ်းလူငယ် (၅၀)ကျော် (၆၀)ခန့်သည် အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ကြသည်။ ၎င်းအဖွဲ့ကို “နွံစစ်ဟန်”ဟု ခေါ်ခဲ့သည်။ အဓိပ္ပါယ်မှာ “ရဲရင့်သော လူငယ်အဖွဲ့”ဟု အဓိပ္ပါယ်ရသည်။ ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား အများအပြား တောခိုပြီး၊ “စဝ်နွဲ့”အဖွဲ့တွင် ပါဝင် ပူးပေါင်းလာကြသဖြင့် လက်နက်ကိုင် တပ်ဖွဲ့ အင်အားကြီးထွား လာခဲ့သည်။
စဝ်နွဲ့သည် အာဏာရှင်ဆန်လာသဖြင့် ရှမ်းလူငယ်တခ့ျိုမှာ ထိုအဖွဲ့မှ ခွဲထွက် သွားကြသည်။ ထို ခွဲထွက်သွားသော အဖွဲ့ကို စိုင်းပန်နှင့် စိုင်းဆပ် (ဆေထင်) တို့က ဦးဆောင်ကြပြီး၊ ရှမ်းပြည်နယ် သီပေါ သို့ တက်သွားသည်။ ရှမ်းပြည်တွင် စည်းရုံး သိမ်းသွင်းနိုင်သဖြင့် လူအင်အား လက်နက်ကိုင်အင်အား ကြီးထွားလာခဲ့ရာ တပ်ရင်း (၄)ရင်းအထိပင် တိုးခ့ျဲဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းတို့အဖွဲ့ကို “ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်” Shan State Independent Army ဟု ခေါ်တွင်သည်။ နောက်ပိုင်းတွင် ရှမ်းပြည်သည် ယခင်ကတည်းက လွတ်လပ်သည့် တိုင်းပြည်တခု ဖြစ်ခဲ့သည့်အပေါ် လွတ်လပ်ရေးအတွက် တိုက်ခိုက်ရန် မလို အပ်ဟူသော သဘောထားဖြင့်၊ ရှမ်းပြည် တပ်မတော် S.S.A. Shan State Army ဟု အမည်ပြောင်းလဲခဲ့သည်။
ရှမ်းလက်နက်ကိုင် တော်လှန်ရေးစတင်ချိန်တွင် “စိုင်းခမ်း” ဦးဆောင်သော လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့သည် ကော်သူးလေဗဟို (K.R.C.)သို့ ရောက်ရှိ လာပြီး၊ ကရင်နှင့် ရှမ်းတို့ လက်တွဲကာ
လွတ်လပ်ရေး ရသည်အထိ လက်တွဲဆောင်ရွက်သွားရန်၊
အပြန်အလှန်ကူညီရန်၊
တန်းတူ ရည်တူ သဘောထားပြီး သဘောတူ လက်မှတ်များ ရေးထိုးခဲ့ကြသည်။ ထိုလက်မှတ်ရေးထိုးပွဲသို့ ရှမ်းကိုယ်စားလှယ်ဘက်မှ စိုင်းခမ်းက လက်မှတ်ရေးထိုးပြီး၊ ကော်သူးလေ ဘက်မှ ဆရာစကောလယ်တောက လက်မှတ်ရေးထိုးခဲ့သည်။
စဝ်နွဲ့ (ခေါ်)ဆောယန္တရှမ်းနှင့်ကရင် သဘောတူညီချက်အရ၊ ကော်သူးလေ ဗဟိုမှ ပဋ္ဌမဦးဆုံး ဗိုလ်ဘခင်ကို စေလွှတ်ပြီး၊ ရှမ်း တော်လှန်ရေးကို အကူအညီ ပေးခဲ့သည်။ “ဗိုလ်ဘခင်” က မိုင်းစစ်ဆင်ရေးကို သင်ကြားပေးခဲ့သည်။ ဒုတိယ ပုဂ္ဂိုလ်မှာ “စောဘာဘာ” ဖြစ်ပြီး၊ ရှမ်း တော်လှန်ရေးအား အချက်ပြ ဆက်သွယ်ရေး နည်းပညာကို သင် ကြားပေးခဲ့သည်။ ဒုတိယ အကြိမ်တွင် “ဗိုလ်ချုပ် ကော်ထူး”နှင့် “ဗိုလ်စီးပလိန်း”တို့က စစ်ရေးဆိုင် ရာ နည်းနာများကို သင်ကြား ပို့ချလေသည်။ တတိယ အနေဖြင့် “ဂျေဖူးညို”ကို စေလွှွတ်ပြီး အုပ်ချုပ်ရေး နှင့်ပတ်သက်သော နည်းစံနစ်များ ကို သင်ကြားပြသပေးခဲ့သည်။
နောက်ဆုံးတွင် “ဥက္ကဋ္ဌ ဟန်တာသာ မွှေး၊ ဗိုလ်ချုပ်အုန်းဖေ၊ ပဒိုဝီရီကျော်” တို့ သွားရောက်ပြီး၊ ရှမ်းပြည် တော်လှန်ရေးကို အကြံဉာဏ်များ ပေးခဲ့သည်။
၁၉၆၀ ခုနှစ်တွင်၊ ကရင့်တော်လှန်ရေးမှ ရှမ်းပြည်တော်လှန်ရေးသို့ တပ်ရင်း တရင်း အင်အား အပြည့်ရှိသော တပ်ဖွဲ့ တဖွဲ့ကို စေလွှတ်ခဲ့သည်။ ထို တပ်ရင်းမှာ တပ်မဟာ(၅)မှ ဗိုလ်လင်းထင် ကိုယ်တိုင် ဦးဆောင် သွားရောက်ခဲ့သည်။ ထို တပ်ဖွဲ့သည် ရှမ်းပြည်အသွား ကရင်နီနယ်မြေ “ဟိုကျစ်”သို့ ရောက်သောအခါ၊ ကယား ရဲတပ်ဖွဲ့အပြင် ကယားပြည်သူ့စစ်များနှင့် တိုက်ပွဲ ဖြစ်ပွား လေသည်။ တနေ့တည်း တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့သဖြင့် ခရီးမပေါက်ဘဲ နောက်ကြောင်းသို့ ပြန်လှည့်ခဲ့ရသည်။
၁၉၆၂ ခုနှစ်တွင်၊ ဗိုလ်မှူးဘရှိုင်းနှင့် ဗိုလ်မှူးဘောလ်ဒွင်တို့ ဦးစီးသော စစ်ကြောင်း တကြောင်းကို ရှမ်းပြည်သို့ စေလွှတ်ခဲ့သည်။ ထိုစစ်ကြောင်းတွင် တပ်မဟာ (၇) တပ်ခွဲတခွဲနှင့် တပ်မဟာ(၃)မှ တပ်ခွဲတခွဲတို့ ပါဝင်သည်။ တပ်မဟာ(၇)မှ တပ်ခွဲကို ဗိုလ်ကြီးစံဖေမှ ဦးစီးပြီး၊ တပ်မဟာ(၃)မှ တပ်ခွဲကို ဗိုလ်ကြီးဇော်ဒူးက ဦးစီးခဲ့သည်။ ထိုစစ်ကြောင်းသည် ရှမ်းပြည်သို့ ရောက်ရှိ သွားပြီး၊ “စဝ်နွဲ့” တပ်နှင့် ပူးပေါင်းကာ ရန်သူကို ပူးတွဲ တိုက်ခိုက်ကြသည်။ ထိုစစ်ကြောင်းသည် “စဝ်နွဲ့”အား များစွာ အထောက်အကူ ဖြစ်ခဲ့သော်လည်း စစ်ကြောင်းအတွက် လိုအပ်သော၊ ရုပ်ဝတ္တုများကို “စဝ်နွဲ့”က အကူအညီ မပေး နိုင်သောကြောင့်၊ ၁၉၆၃ ခုနှစ်တွင် စစ်ကြောင်းကိုပြန်လည် ရုပ်သိမ်းလိုက်ရသည်။
“ချင်း”တော်လှန်ရေး
“ချင်း”လူမျိုးများသည် “ချင်းတောင်” လူရှိုင်းတောင်တန်း၊ ရခိုင်တောင်ပေါ် နှင့် တောင်ခြေတို့တွင် နေထိုင်ကြသည်။ ဧရာဝတီမြစ် အနောက်ဖက်၊ ပြည်၊ သရက်နှင့် သာယာဝတီခရိုင်၊ ပဲခူးနှင့် တောင်ငူ ဒေသများတွင်လည်း နေထိုင် ကြသည်။ မြေပြန့် တွင် နေထိုင်သော ချင်းအမျိုးသားများကို “အရှို ချင်း”ဟု ခေါ်သည်။
ချင်းအမျိုးသားများကို (ဗကပ) ဗမာပြည် ကွန်မြူနစ်ပါတီ မှ စည်းရုံးပြီး၊ ချင်းအမျိုးသား ဦးစီးအဖွဲ့ကို ဖွဲ့စည်းလေသည်။ ချင်းအဖွဲ့သည် ဗကပ ခေါင်းဆောင်မှု အောက်တွင် တော်လှန်ရေးကို စတင်ခဲ့သည်။
ချင်းအမျိုးသားများသည် မဟာဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေးတွင်၊ မြန်မာ လူမျိုးများသည်၊ ဘာသာရေး နိုင်ငံရေးကို အခြေခံပြီး မိမိတို့ ချင်းလူမျိုး တို့ကို နည်း မျိုးစုံဖြင့် ဖိနှိပ်သည်ဟုသာ စွဲမှတ်ထားသည်။
၁၉၆၅ ခုနှစ်တွင် ချင်းလူငယ် (၃)ဦးဖြစ်သော (၁) ဂျင်မီ၊ (၂) ဟန်ခန်းထန်၊ (၃) ပီတာ တို့သည် ကေအဲန်ယူပါတီ ဗဟိုသို့ ရောက်လာကြပြီး တော်လှန်ရေး လုပ်ငန်း များကို လေ့လာခဲ့ကြသည်။ ကေအဲန်ယူပါတီ ခေါင်းဆောင်များကလည်း အကြံဉာဏ် များ ပေးခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ချင်းလူငယ် အယောက် (၂၀)သည် ကေအဲန်ယူပါတီ ဗဟိုသို့ ထပ်မံရောက် ရှိလာကြပြီး စစ်သင်တန်း၊ ဖောက်ခွဲရေးသင်တန်းနှင့် အချက်ပြ ဆက် သွယ်ရေး သင်တန်းများကိုလည်း တက်ကြွစွာဖြင့် လေ့လာ သင်ယူခဲ့ကြသည်။ သင်တန်းပြီးနောက် K.N.U.P. ဗဟိုမှ ၎င်းတို့အသုံးပြုရန် ဆက်သွယ်ရေး စက်တလုံး ပေးလိုက်ပြီး အပြန်အလှန် ဆက်သွယ် အသုံးပြုခဲ့ကြသည်။
၁၉၆၇ ခုနှစ်တွင် ချင်းလူငယ် (၄)ဦးတို့သည် ကေအဲန်ယူပါတီ ဗဟိုသို့ ထပ်မံ ရောက်ရှိလာပြီး၊ သင်တန်းများ တက်ရောက်ကာ ပြန်သွားကြသည်။ ထို့နောက် “ချင်းအမျိုးသားကောင်စီ” ကို ဖွဲ့စည်းပြီး၊ လက်နက်ကိုင် တော်လှန်ရေး ကို ဦးဆောင်ရန် ပြင်ဆင်ကြသည်။
၎င်းတို့သည် လက်နက်ကိုင်တော်လှန်ရေး စတင်ရန် ပြင်ဆင်ချိန်တွင်၊ အိန္ဒိယပြည်မှ၊ အိန္ဒိယ အစိုးရကို ဆန့်ကျင် တိုက်ခိုက်သော ဇိုမီချင်းတို့သည် ဗမာပြည် တွင်းသို့ ဝင်လာပြီး၊ မြို့အများအပြားကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ လက်နက် ခဲယမ်းများ ငွေကြေးနှင့် လူ့အသုံးအဆောင်များ ဆေးဝါးများကိုလည်း လုယူ သွားကြ သည်။ ဤကဲ့သို့ ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ချင်းခေါင်းဆောင် တဦးဖြစ်သူ “ဟန်ခန်းထန်”ကို ရန်သူက ဖမ်းဆီးရမိသွားခဲ့သည်။ ဥက္ကဋ္ဌ ဂျင်မီမှာ ကျန်းမာရေး မကောင်းသဖြင့်၊ ချင်း ပြည်သု့ိပြန်ရန် အခက်အခဲ ဖြစ်နေသည်။ ထို့ကြောင့် တော်လှန်ရေးဒေသဖြစ်သော၊ ကရင်၊ ကရင်နီ၊ ကချင် ဒေသများတွင် လှည့်လည် နေ ထိုင်ပြီး နောက်ဆုံးတွင် ပြည်ပသို့ သွားရောက် အခြေချ လေသည်။
ဗမာပြည် ဝန်ကြီးချုပ် ဦးနုသည်လည်း ပြည်ပသို့ ထွက်ခွာပြီး၊ ပါလီမန် ဒီမိုကရေစီပါတီကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် မန်းဘဇန် မှာလည်း ကေအဲန်ပါတီမှ ခွဲထွက်ကာ ဗိုလ်မြ နှင့် ပူးပေါင်း၍ K.N.U. ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ K.N.U. သည် ဦးနု ဦးဆောင်သော “တညလ” တပ်ပေါင်းစုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုက် သည်။ ချင်းခေါင်းဆောင် ဂျင်မီကလည်း မူလအဖွဲ့ဖြစ်သော ချင်းအမျိုးသားကောင်စီမှ ဇိုမီ အမျိုးသားတပ်ဦးကို ဖွဲ့စည်းပြီး၊ “တညလ” အဖွဲ့ဝင် ဖြစ်လာသည်။ ၎င်းပြင် ချင်းခေါင်း ဆောင် တဦးဖြစ်သူ “ဦးမန်းတလင်း”သည်၊ ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းပြီး၊ “တညလ” အဖွဲ့တွင် ချင်းအဖွဲ့အနေနှင့် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ကေအဲန်ယူသည် “တညလ” မှထွက်ခဲ့သဖြင့် “တညလ”အဖွဲ့မှာလည်း ရပ်ဆိုင်းသွား သကဲ့သို့ “ချင်း ဒီမိုကရေစီ ပါတီ”လည်း ပျက်သွား ခဲ့သည်။ ၎င်း၏ အဖွဲ့ဝင်များဖြစ်သော ချင်းလူငယ်များကို ဝီလီယန် (William) က ဦးဆောင်ပြီး ဂျင်မီအဖွဲ့နှင့် ပူးပေါင်း လိုက်သည်။ နောက်ဆုံး ဂျင်မီသည် ဗိုလ်မှူးခိုင်မိုးလင်း၏ ရခိုင်အဖွဲ့နှင့် ပူးပေါင်းပြီး ချင်းပြည်နယ်သို့ အပြန် ရန်သူ၏ စောင့်ကြို တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး၊ ချင်းအဖွဲ့ဝင် (၁၃)ဦးစလုံး ကျဆုံးသွား ကြသည်။ ဥက္ကဋ္ဌ ခိုင်မိုးလင်းလည်း ကျဆုံးပြီး၊ ကျန်သော ရခိုင်တပ်ဖွဲ့များ အားလုံး အဖမ်းခံကြရသည်။
ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း၏ လမ်းညွှန်ချက်
၁။ ရခိုင်ပြည် လွတ်လပ်ရေးအတွက် ရခိုင့် တပ်မတော်ကို တည်ဆောက်ကြ။
၂။ ရခိုင်ပြည် လွတ်လပ်ရေးအတွက် ဘဝတူ အဖိနှိပ်ခံ လူမျိုးစုများနှင့် လက်တွဲကြ။
၃။ ရခိုင်ပြည် လွတ်လပ်ရေးသည် လက်နက်ကိုင် တိုက်ပွဲမှတပါး အခြားသော နည်းလမ်း မဟိ။
၄။ ရခိုင်ပြည် လွတ်လပ်ရေးသည် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး၏ လက်ဝယ်တွင် ဟိသည်။
၅။ ရန်သူ့ထံတွင် ဒူးထောက် လက်မြှောက်ခြင်းသည် အဖိနှိပ်ခံ ပြည်သူများအတွက် ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်သည်။
A.L.P. ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း
(A.L.P. စစ်ဦးစီးချုပ်)

Leave a comment