လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်

ပထမလမ်းစဉ်၏ ချို့ ယွင်းအားနည်းချက်များကို သုံးသပ်ရာတွင်

၁။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ၊ မြန်မာ ဆန့်ကျင်ရေးမုန်းတီးမှု၊ တိုက် ခိုက်မှုများ သည်၊ တော်လှန်ရေးကို အကျိုးမပြုသည့်အပြင် ကရင့်တော်လှန်ရေးကို ပျက်စီး စေနိုင်သည်။ 

၂။ တိကျ မှန်ကန်သော တော်လှန်ရေး လမ်းစဉ် လုပ်ငန်းစဉ်များ ချမှတ်နိုင်မှု မရှိခြင်း၊ 

၃။ စစ်အုပ်ချုပ်ရေးကို ချမှတ်ခဲ့ခြင်းကြောင့် တော်လှန်ရေးအခြေအနေနှင့် မကိုက် ညီသည့်အပေါ် ခေါင်းဆောင်(၂)ဦးဖြစ်သူ စောဟန်တာသာမွှေးနှင့် မန်းဘဇန်တို့က အောက်ပါ အတိုင်း ရေးဆွဲခဲ့ကြသည်။ 

က။ ကရင့်တော်လှန်ရေး၏ ရည်ရွယ်ချက်၊ 

 ခ။ ကရင့်တော်လှန်ရေး၏ အဓိက ရန်သူ၊

 ဂ။ ကရင့်တော်လှန်ရေး၏ အဓိက ပစ်ကွင်း၊

ဃ။ ကရင့်တော်လှန်ရေး၏ အင်အားစုများ၊

 င။ ကရင့်တော်လှန်ရေး၏ ဝင်ရိုး၊

 စ။ ကရင့်တော်လှန်ရေး၏ လုပ်ငန်းစဉ်များတွင် ပါဝင်သော လုပ်ငန်းစဉ်များကို ရေးဆွဲခဲ့ပြီး၊ ၁၉၅၃ ခု၊ ဇွန်လ (၉)ရက်နေ့၊ မြစ်ဝကျွန်းပေါ်ရှိ ဝိန့်ထောင် ကွန်ဖရင့်တွင် တင်သွင်းပြီး ဆွေးနွေး အတည်ပြုခဲ့သည်။ စမ်းသပ် ကျင့်သုံးခဲ့ကြသည်။ ဆက်လက်ပြီး ၁၉၅၄ ခု၊ သြဂုတ်လ (၂၄)ရက်နေ့ လှေဆွဲ ကွန်ဖရင့်တွင်၊ ဤ လမ်းစဉ်ကို ဒုတိယ လမ်းစဉ်ဟု သတ်မှတ်ခဲ့သည်။ လှေဆွဲ ကွန်ဖရင့်တွင် နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက် ချက်များကို ပြန်လည် ဆန်းစစ်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့သည်။ ဤလှေဆွဲ ကွန်ဖရင့်၌ပင် ကရင့်တော်လှန်ရေး အောင်ပွဲဆင်ရေးအတွက် တပ်ဦးပါတီတခုကို ဖွဲ့စည်းရန် ထို တပ်ဦး ပါတီ၏ အောက်တွင် အမြဲတမ်း တပ်မတော်၊ ပြောက်ကျား တပ်မတော်ကို ဖွဲ့စည်း ရန်ကိုလည်း အဆိုပြုခဲ့သည်။ ကျေးရွာကာကွယ်ရေးတပ်ကိုမူ ဆက်လက်၍ ထားရှိ လေသည်။ 

၁၉၅၃ ခုနှစ် ဝိန့်ထောင် ကွန်ဂရက်မှ ချမှတ် အတည်ပြု ကျင့်သုံးခဲ့သော ဒုတိယ လမ်းစဉ်ကို ပြန်လည် သုံးသပ်ရာတွင် အောင်ပွဲဆီသို့ ပို့ဆောင်နိုင်သော လမ်းစဉ်ဟု အသိအမှတ် ပြုကြသည်။ ထို့ကြောင့် ဒုတိယလမ်းစဉ်ကို ကော်သူးလေ နယ်မြေများ ဖြစ်သော အရှေ့တိုင်း၊ မြစ်ဝကျွန်းပေါ်တိုင်း အားလုံးတွင် ကျင့်သုံးရန် အမျိုးသား ကွန်ဂရက် တရပ်ကို ၁၉၅၆ ခုနှစ်၌ အရှေ့တိုင်း မောကို ကွန်ဂရက်တွင် ခေါ်ယူပြီး အတည်ပြုခဲ့သည်။ 

၁၉၅၆ ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ ကျင်းပခဲ့သော မောကို ကွန်ဂရက်တွင် ဒုတိယလမ်းစဉ်ကို အတည်ပြုခဲ့သည်။

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်၏ ရည်မှန်းချက်၊

ရည်မှန်းချက် (၁)။  ကရင်အမျိုးသားများ၏ အချုပ်အခြာအာဏာပိုင် ကရင်ပြည် ရရှိရေး။

ရည်မှန်းချက် (၂)။ ဗမာပြည်ရှိ တိုင်းရင်းသား လူမျိုးစုအားလုံး အချုပ်အခြာ အာဏာ ပိုင်သော ပြည်နယ်များ ရရှိရေး။

ရည်မှန်းချက် (၃)။ လူမျိုးစုများ၏ ဆန္ဒအရပူးပေါင်း၍ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်သူ့ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန်။

ရည်မှန်းချက် (၄)။ အဆုံးသတ် ရည်မှန်းချက်မှာ ဆိုရှယ်လစ် လူ့ဘောင်ဆီသို့ ချီတက် သွားရန် ဖြစ်သည်။ 

ကရင့်တော်လှန်ရေး အခြေခံ ရန်သူ။ – နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စံနစ်။

အဓိက တိုက်ကွင်း။ – ဖဆပလ အစိုးရ။

ကရင့်တော်လှန်ရေး တိုက်ပွဲ သဏ္ဌာန်။ – လက်နက်ကိုင်တိုက်ပွဲ။

စည်းရုံးရေး သဏ္ဌာန်။ – လက်နက်ကိုင် စည်းရုံးရေး။

လက်နက်ကိုင် တိုက်ပွဲသည် အဓိက စည်းရုံးရေး သဏ္ဌာန်ဖြစ်သည်။ 

အဓိက ဝင်ရိုး။ – မြေယာ တော်လှန်ရေး။

ဒုတိယ လမ်းစဉ်၏ လုပ်ငန်းစဉ်များ 

၁။ နိုင်ငံရေး လုပ်ငန်း။ 

ကေအဲန်ယူပါတီကို ကရင့်တော်လှန်ရေးရှေ့ဆောင် တပ်ဦးပါတီအဖြစ်၎င်း၊ ကေအဲန်ယူ အစည်းအရုံးအား ကရင့်တော်လှန်ရေး၏ ကျောရိုးအဖြစ်၎င်း၊ စည်းရုံးဖွဲ့စည်း တည် ထောင်သွားရန်။

၂။ လူမျိုးစုလုပ်ငန်း။

ဒီမိုကရက်တစ် လူမျိုးစုများ၏ ညီညွတ်ရေး အင်အားစုများကို စုပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်းသွားရန်။

၃။ ဒီမိုကရေစီတပ်ပေါင်းစုလုပ်ငန်း။

ဗမာပြည်အတွင်းရှိ တော်လှန်သော အင်အားစု အားလုံးကို စုစည်းပြီး ပြည်လုံးဆိုင်ရာ တပ်ပေါင်းစုကြီးကို တည်ဆောက်ရန်။

(၄) စီးပွားရေးလုပ်ငန်း။

ပြည်သူ့ဒီမိုကရေစီ စီးပွားရေးလုပ်ငန်းနှင့်အညီ လူတန်းစား (၄)ရပ်အတွက်၊ ၎င်းတို့၏ အကျိုးစီးပွား အသီးသီးနှင့် ကိုက်ညီသည့် စီးပွားရေးပေါ်လစီများကို ချမှတ်ကျင့်သုံးရန်။

(၅) စစ်ရေးလုပ်ငန်း။

ကော်သူးလေ ပြည်သူ့တပ်မတော်ကို ဖွဲ့စည်းရာတွင် တပ်မတော် (၃) ရပ်ကို ထားရှိရန်။ 

က။ K.P.L.A. (ကေပီအယ်လ်အေ)၊ ကရင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ 

ခ ။ K.P.G.F. (ကေပီဂျီအက်ဖ်)၊ ကရင်ပြည်သူ့ ပြောက်ကျားတပ်မတော်၊ 

ဂ ။ K.N.D.O. (ကေအဲန်ဒီအို)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ 

(၆) အုပ်ချုပ်ရေးလုပ်ငန်း။

ရန်သူစိုးမိုးသည့် နယ်မြေများအတွင်း ရန်သူ့အာဏာကို တိုက်ဖျက်ပြီး ကရင့် တော်လှန် ရေး၊ အုပ်ချုပ်ရေး အာဏာကို အစားထိုး တည်ဆောက်ရန်။ 

(၇) လူမှုရေးလုပ်ငန်း။

ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် သွားရန်။

(၈) ဘာသာရေးလုပ်ငန်း။

ဘာသာရေးတွင် ဘာသာတိုင်း တန်းတူခြင်းနှင့် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရရှိရေး ဆောင်ရွက်ရန်။

(၉) နိုင်ငံခြားရေး ပေါ်လစီ။ 

နိုင်ငံခြား ဆက်ဆံရေးတွင် အောက်ပါ နိုင်ငံတကာ မူကြီး (၅)ချက်ကို အခြေခံ ကျင့်သုံး ဆက်ဆံရန်။

က။ တနိုင်ငံနှင့် တနိုင်ငံ အချုပ်အခြာပိုင် နယ်မြေကို အပြန်အလှန် လေးစား လိုက်နာ ကြရန်၊

 ခ။ တနိုင်ငံနှင့် တနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် နှောက်ယှက် စွက်ဖက်ခြင်း မပြုရန်၊

 ဂ။ နိုင်ငံတခု၏ လွတ်လပ်ခွင့်ကို အင်အားသုံး၍ ကျူးကျော် ခြိမ်းခြောက်ခြင်း မပြုရန်၊

ဃ။ အပြန်အလှန်အကျိုးပြုခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးတက်အောင် ဆောင် ရွက်ရန်၊

 င။ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်း ကြရန်။

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ် ချမှတ်ရန် အရှေ့တိုင်းတွင် ကြိုးပမ်းမှုများ

၁၉၅၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်မှ ဇူလိုင်လ(၅)ရက်နေ့အထိ ကျင်းပခဲ့သော မောကို ကွန်ဂရက်မှ ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်ကို အတည်ပြုပြီး၊ အရှေ့တိုင်း တွင် အကောင်အထည်ဖော်ရန်၊ ဗဟို နိုင်ငံရေးသင်တန်းပို့ချမှုကို ကျောက်ကြီးမြို့နယ်၊ မြေနီကုန်း ကျေးရွာတွင် ပထမအကြိမ် ပြုလုပ်ခဲ့သည်။ သင်တန်းတက်ရောက်သူ အများစု မှာ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်တို့မှ ဖြစ်ပြီး၊ ဘားအံ နှင့် ဖာပွန် ခရိုင်တို့မှ အခ့ျို တက်ရောက်ခဲ့ကြသည်။ သင်တန်းသားအားလုံး (၁၀၀)နီးပါး တက်ရောက် ကြသည်။ 

သင်တန်း ပို့ချသူများ၊ ပို့ချခဲ့သော ဘာသာရပ်များ၊

၁။ မန်းဘဇန် မျက်မှောက် နိုင်ငံရေး အခြေအနေနှင့် တော်လှန် ရေး သဘောတရားဆိုင်ရာ သေနင်္ဂဗျူဟာ ပြဿနာ၊

၂။ စကောလယ်တော ကရင့်တော်လှန်ရေး ဒုတိယ လမ်းစဉ်၊

၃။ မန်းရှန်ဖလေ့ (ဆရာသာမြိုင်) ပါတီ တည်ဆောက်ရေးနှင့် မြေယာ လုပ်ငန်း။

၄။ ဆရာဘာဟု(မန်းဖလါးစေး) တော်လှန်ရေးဆိုင်ရာ စည်းရုံးရေး လုပ်ငန်းများ၊

ဒုတိယ အကြိမ်မြောက် ဗဟို နိုင်ငံရေးသင်တန်းကို “မယ်ဝေ”တွင် ပြုလုပ်ခဲ့ သည်။ သင်တန်းတက်ရောက်သူ အများစုမှာ သထုံခရိုင်၊ ဖာပွန်ခရိုင်တို့မှ ဖြစ်သည်။ တပ်မဟာ (၅)မှ တပ်မဟာမှူး ဗိုလ်စိုး နှင့်တကွ၊ တပ်မှူး အများအပြား တက်ရောက် ခဲ့ကြသည်။ K.R.C. ဗဟို ဋ္ဌာနချုပ်မှ ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်အုန်းဖေ၊ ပဒို ဖူးလယ်မူး၊ ပဒိုဖိုးညော၊ ဗိုလ်ချုပ်စိုင်းကေ၏ ဇနီးတို့ တက်ရောက်ကြသည်။ သင်တန်း သား အားလုံး (၂၀၀)ကျော် တက်ရောက် လေ့လာ ခဲ့ကြသည်။ 

ဒုတိယ လမ်းစဉ်နှင့် ပါတီတည်ဆောက်ရေးဆိုင်ရာ တာဝန်ခွဲဝေမှုများ၊(၁၉၅၆ -၅၇)

ဒုတိယလမ်းစဉ်သည် နယ်ခ့ျဲပဒေသရာဇ် စံနစ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ် မြောက်ရေးနှင့် ဒီမိုကရေစီ တော်လှန်ရေးဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ K.N.U. တပ်ဦးပါတီ၏ ရှေ့ဆောင်မှုအောက်တွင် ချမှတ်ခဲ့ပြီး၊ ဧရာဝတီတိုင်းတွင် စတင် ကျင့်သုံးခဲ့ရာ အောင်မြင် သည်ဟု အခိုင်အမာ ယုံကြည်ပြီး၊ ၁၉၅၆ ခုနှစ်၊ မောကို ကွန်ဂရက်တွင် ကော်သူးလေ အုပ်ချုပ်ရေး နယ်မြေအားလုံး၌ ကျင့်သုံးကြရန် အတည်ပြုခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းများအတွင်း အကောင်အထည်ဖော်ရန် အောက်ပါ ခေါင်းဆောင် များကို တာဝန် ခွဲဝေ အကောင်အထည် ဖော်ခဲ့သည်။ 

၁။ မြစ်ဝကျွန်းပေါ်တွင် အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မြမောင် (ခေါ်)မန်းသုခနုတ် နှင့် ဗိုလ်မှူးကျင်ဖေ (ခေါ်) စောကိုးဒို တို့အား၎င်း၊

၂။ အရှေ့တိုင်းတွင် မန်းဘဇန် (ခေါ်) မန်းစိုးကမော၊ ပဒိုမန်းသိန်း (ခေါ်)ဖူးလယ်မူး၊ ပဒိုဝေသော၊ ဆရာဘာဟု (ခေါ်) မန်းဖလားစေး၊ ဆရာသာမြိုင် (ခေါ်) မန်းရှန်ဖလေ့၊ ဗိုလ်မှူးတင်ဦး (ခေါ်) ဖူးတာအယ် တို့အား တာဝန်ပေးခဲ့သည်။ 

အရှေ့တိုင်းတွင် မန်းဘဇန်နှင့် မန်းသိန်းတို့အား တပ်မဟာ(၃) နယ်မြေသို့ ၎င်း၊ ဆရာဘာဟုကို တောင်ငူသို့၎င်း၊ မန်းရှန်ဖလေ့ကို ဖာပွန်ခရိုင်သို့၎င်း၊ ဗိုလ်မှူးကြီး တာအယ်ကို တပ်မဟာ(၆)သို့၎င်း အသီးသီး တာဝန်ခွဲဝေ‌ပေးပြီး၊ ဒုတိယ လမ်းစဉ်ကို ချမှတ် နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ 

၁၉၅၉ ကေအဲန်ယူ ပါတီ၏ ပထမအကြိမ်မြောက် ကွန်ဂရက်

ကေအဲန်ယူပါတီ၏ ပထမအကြိမ်မြောက် ကွန်ဂရက်ကို ဖေဖော်ဝါရီလတွင် ကျင်းပရာ

(က) (၁) ကရင့်တော်လှန်ရေး၏ ဒုတိယလမ်းစဉ်ကို ပြန်လည်သုံးသပ်ပြီး၊ ပိုမို

  ပြည့်စုံစေရန်အတွက် ပြုပြင် ဖြည့်စွက်ခြင်းများကို ပြုလုပ်ခဲ့သည်။ 

(၂) စစ်ရေးလမ်းစဉ်၊ မြေယာလမ်းစဉ် နှင့် စည်းရုံးရေးလုပ်ငန်းများကို ဆွေးနွေး သုံးသပ် ကြသည်။ 

(၃) ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖဆပလ နှင့် တွေ့ဆုံ ဆွေးနွေး ရေးမူကို ချမှတ်ခဲ့သည်။ ဤသို့ ဆွေးနွေးခြင်းသည် နည်းပရိယာယ် အရသာ ဖြစ်သည်ဟု သဘောထားသည်။ 

(၄) တပ်ပေါင်းစု တည်ဆောက်ရေးတွင် လူမျိုးစုများနှင့်၎င်း၊ ဒီမိုကရေစီ အင်အားစုများနှင့်၎င်း၊ တပ်ပေါင်းစုနှစ်ရပ် တည်ဆောက်ရန်။

(၅) ကွန်မြူနစ်ပါတီနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းသည် လူတန်းစား တော် လှန်ရေး အင်အားစုများနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးရန်။

(၆) တပ်ပေါင်းစုဆိုင်ရာ ရည်ရွယ်ချက်၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းများ၊ စည်းရုံးရေး လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ရန် စသည်တို့ ဖြစ်သည်။ 

( ခ) ၁၉၅၉ ခုနှစ်၊ ပါတီ၏ ပထမအကြိမ်မြောက် ကွန်ဂရက်မှ ချမှတ်သော လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဆောင်ရန် အောက်ပါ ဗဟို ကော်မတီ သစ်များကို ရွေးချယ် တင်မြှောက်ခဲ့သည်။ 

၁။ ဥက္ကဋ္ဌ ၊ စောဟန်တာသာမွှေး၊ – နိုင်ငံရေး ဦးဆောင် အဖွဲ့၊

၂။ အတွင်းရေးမှူး၊ မန်းဘဇန်၊ – နိုင်ငံရေး ဦးဆောင် အဖွဲ့၊

၃။ ဗဟိုကော်မတီ၊ ဗိုလ်ချုပ်မင်းမောင်၊ – နိုင်ငံရေး ဦးဆောင် အဖွဲ့၊

၄။ ဗဟိုကော်မတီ ဗိုလ်ချုပ်ကော်ထူး၊ – နိုင်ငံရေး ဦးဆောင် အဖွဲ့၊

၅။ ဗဟိုကော်မတီ မန်းရှန်ဖလေ့ (ဆရာသာမြိုင်)၊- နိုင်ငံရေး ဦးဆောင် အဖွဲ့၊

၆။ ဗဟိုကော်မတီ ပဒိုသိန်းမောင်၊ – နိုင်ငံရေး ဦးဆောင် အဖွဲ့၊

ပေါ်လစ်ဗျူရို၊ (နိုင်ငံရေး ဦးဆောင်အဖွဲ့) (၆)ဦးနှင့် အခြား အရံဗဟို ကော်မတီ (၉)ဦး အရံ ဗဟိုကော်မတီ (၁၀)ဦး စုစုပေါင်း(၂၅)ဦးကို ရွေးချယ် တင်မြှောက်ကြသည်။ 

( ဂ) ဗဟိုကော်မတီ (၉)ဦးနှင့် အရံ ဗဟိုကော်မတီ (၁၀)ဦး။

  ၁။ စကောလယ်တော၊

  ၂။ ဆရာစိန်ဟန်၊

  ၃။ ဗိုလ်ကြီးစောအုန်းဖေ၊

  ၄။ ဆရာဘာဟု /မန်းဖလားစေး၊

  ၅။ မန်းကော်စေး /မန်းကျော်လွင်၊

  ၆။ စောမျိုးသွေး၊

  ၇။ စောစိန်မှုံ၊

  ၈။ စောကျော်စိန်၊

  ၉။ ဦးစိုးအောင်၊

၁၀။ ဗိုလ်မှူးမြမောင်၊

၁၁။ ဗိုလ်ချုပ် မြရင်၊

၁၂။ ဗိုလ်မှူးဘော်လ်ဒွင်/ဘော်လ်ဒွင်ကြီး၊

၁၃။ ဗိုလ်တာအယ်၊

၁၄။ ဗိုလ်စံလင်း၊

၁၅။ ဗိုလ်မီးသ၊

၁၆။ ဗိုလ်မောင်မောင်၊

၁၇။ ဗိုလ်သန်းအောင်၊

၁၈။ ဗိုလ်အေးဟန်၊

၁၉။ ဗိုလ်ကျင်ဖေ၊

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts