ကရင့်အာဇာနည် ပဒိုမန်းရှာ၏ သမီးငယ် နန့်ဇိုယာဖန်းနှင့်အင်တာဗျူး 

(၄၁)နှစ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး(KWO)နေ့ အတွက် ပြုလုပ်တဲ့ Karen Women : Beyond Border အင်တာဗျူး အစီအစဥ်လေးမှ ပြန်လည်ဖော်ပြလိုက်ပါတယ်။ 

ယခင်နဲ့ယခု ဘယ်တော့မှ ပြောင်းလဲမသွားတာကတော့ မျိုးချစ်စိတ်၊ ကော်သူးလေကို ချစ်တဲ့စိတ်နဲ့ ကိုယ့်လူမျိုးကို ကူညီပေးဖို့ စိတ်အားထက်သန်မှုတွေပါပဲ။ အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ၊ ငယ်စဉ်ကနေ အခုအချိန်ထိ အဲဒီစိတ်က ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး။

                                                                                  နန့်ဇိုယာဖန်း

မေးခွန်း – ၁ ။ “Little Daughter” စာအုပ်ကို ရေးသားခဲ့တာ အခုဆို ၁၅ နှစ်နီးပါး ရှိလာပါပြီ။ အဲဒီတုန်းက တောထဲမှာ ပြေးလွှားခဲ့ရတဲ့ ‘သမီးငယ်’ ဇိုယာ နဲ့ အခု လန်ဒန်ကနေ မြန်မာစစ်တပ်ကို အရေးယူဖို့ ဖိအားပေးနေတဲ့ ‘စီမံချက်မန်နေဂျာ’ ဇိုယာတို့ကြားမှာ ဘယ်လိုတူညီတဲ့ စိတ်ဓာတ်ခွန်အားတွေ ရှိနေသလဲ?

ဟုတ်ကဲ့ရှင့်။ ကျွန်မရေးခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (Autobiography) စာအုပ်ကို USAမှာ Undatedလို့ခေါ်ပါတယ်။ ကနေဒါ၊ဩစတြေးလျနှင့် အခြားနိုင်ငံများမှာ “Little Daughter” (ဖိမုၣ်ဆံး) ဆိုတဲ့ အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ ကျွန်မရဲ့ အကြောင်းနဲ့ ကျွန်မတို့ ကရင်လူမျိုးတွေ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းအနည်းငယ်ကို ရေးသားထားတာ ဖြစ်ပါတယ်။ ကျွန်မ မွေးဖွားစဉ်ကနေ ငယ်ဘဝ တစ်ဆင့်ပြီးတစ်ဆင့် စစ်ဘေးရှောင်ဘဝ ဖြတ်သန်းမှု၊ ဗမာစစ်အာဏာရှင်ရဲ့ စစ်ကြောင်းထိုးမှု၊ ကရင်လူမျိုးအပေါ် ဖိနှိပ်အုပ်ချုပ်မှုတွေနဲ့ တခြားအကြောင်းအရာ များစွာကို ရေးသားထားပါတယ်။ မာနယ်ပလောမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျွန်မနဲ့ အခု လန်ဒန်မြို့မှာ လှုပ်ရှားရုန်းကန်နေတဲ့ ကျွန်မတို့ကြားမှာ တူညီမှုတွေရှိသလို မတူညီမှုတွေလည်း အများကြီးရှိပါတယ်။ ယခင်နဲ့ယခု ဘယ်တော့မှ ပြောင်းလဲမသွားတာကတော့ မျိုးချစ်စိတ်၊ ကော်သူးလေကို ချစ်တဲ့စိတ်နဲ့ ကိုယ့်လူမျိုးကို ကူညီပေးဖို့ စိတ်အားထက်သန်မှုတွေပါပဲ။ အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ၊ ငယ်စဉ်ကနေ အခုအချိန်ထိ အဲဒီစိတ်က ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး။ မတူညီမှုတွေကတော့ ကျွန်မက ငယ်စဉ်မှာ အရမ်းရှက်တတ်၊ ကြောက်တတ်တဲ့သူ တစ်ယောက်ပါ။ အတန်းထဲမှာရော၊ အားကစားဘက်မှာရော အမြဲတမ်း သူများနောက်မှာ ပုန်းနေတတ်ပြီး   ရှေ့မထွက်ရဲခဲ့ဘူး။ ကျွန်မရဲ့ မောင်နှမတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး တက်ကြွပေမဲ့ ကျွန်မကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ကြောက်စိတ်နဲ့ ရှက်စိတ်က ရေရှည်မှာ အဆင်မပြေဘူးဆိုတာ သိလာရပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ဆက်အသက်ရှင်ဖို့နဲ့ ဘဝတိုးတက်ဖို့အတွက် ဒီအကျင့်တွေကို ဖျောက်ဖျက်ခဲ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုများနှင့် ဖိနှိပ်မှုတွေကြောင့် ကျွန်မတို့ဟာ နေရပ်စွန့်ခွာ ဒုက္ခသည်များ ဖြစ်လာခဲ့ရပါတယ်။ ကမ္ဘာ့အဆင့်မီ ပညာသင်ကြားခွင့်ရဖို့ ကျွန်မတို့ မောင်နှမတွေ အများကြီး ကြိုးစားခဲ့ရပါတယ်။ ဒုက္ခသည်စခန်းမှာ နေစဉ်အတွင်း ပညာသင်ဆု (Scholarship) ရလို့ တက္ကသိုလ်တက်ခွင့် ရခဲ့ပါတယ်။ အဲဒီကရတဲ့ ပညာနဲ့ အခွင့်အရေးတွေက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေခဲ့ပြီး ကိုယ့်လူမျိုးကို ကူညီနိုင်မဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လမ်းကြောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ UK မှာ ပညာသင်ယူရင်း မျက်စိပွင့်နားပွင့် ဖြစ်လာခဲ့သလို၊ နိုင်ငံတကာ အခြေအနေတွေကို သိရှိလာပြီး ကျွန်မ ပူးပေါင်းပါဝင် ကူညီနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါဟာ အဖွဲ့အစည်းအတွက်ရော၊ လူမျိုးအတွက်ပါ ကောင်းကျိုးများစွာ ရရှိစေခဲ့ပါတယ်။

မေးခွန်း – ၂ ။ နိုင်ငံတကာခေါင်းဆောင်တွေ (ဥပမာ- ဗြိတိန်ဝန်ကြီးချုပ်ဟောင်းများ) နဲ့ တွေ့ဆုံတဲ့အခါ မိမိကိုယ်ကိုယ် “ကရင်အမျိုးသမီး” တစ်ယောက်အနေနဲ့ မိတ်ဆက်ရတာ ဘယ်လောက်အထိ ဂုဏ်ယူဖို့ကောင်းသလဲ? သူတို့ဆီကရော ဘယ်လိုတုံ့ပြန်မှုတွေ ရလေ့ရှိသလဲ?

ဟုတ်ကဲ့ရှင့်။ ကျွန်မတို့လူမျိုးနဲ့ တိုင်းပြည်အတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ရရှိဖို့ ကြိုးပမ်းတဲ့အခါ၊ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကရင်လူမျိုးလို့ မိတ်ဆက်ခွင့်ရတာကို အင်မတန် ဂုဏ်ယူမိပါတယ်။ သူတို့တွေကလည်း ကရင်လူမျိုးတွေရဲ့ အကြောင်းကို စိတ်ဝင်စားကြတာ တွေ့ရတဲ့အတွက် စကားပြောရကျိုးနပ်တယ်လို့ ခံစားရပါတယ်။ ဥပမာအားဖြင့် UK ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်း (Gordon Brown) နဲ့ တွေ့ဆုံတဲ့အခါ ကျွန်မက ကရင်လူမျိုးလို့ မိတ်ဆက်ရင် သူက အမြဲပြုံးပါတယ်။ သူက ကရင်လူမျိုးတွေအကြောင်းကို သိပါတယ်။ သူလေးစားရတဲ့  အာဇာနည်တွေအကြောင်း စာအုပ်တစ်အုပ် ရေးခဲ့ဖူးပြီး အဲဒီထဲမှာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Major Segrim ဟာ ကရင်လူမျိုးတွေနဲ့ ဘယ်လို လက်တွဲလုပ်ဆောင်ခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။ နောက်တစ်ကြိမ်က ချားစ်ဘုရင် (King Charles II) နဲ့ တွေ့ဆုံစဉ်ကပါ။ (ပထမအကြိမ်က ဘုရင်မဖြစ်သေးပါဘူး)။ ကျွန်မက ကရင်လူမျိုးလို့ မိတ်ဆက်လိုက်တဲ့အခါ သူ့မျက်လုံးတွေက အရောင်တောက်ပသွားပါတယ်။ သူ့သူငယ်ချင်း နဲ့ ဦးလေးကြီး Great Uncle လော့ဒ် မောင့်ဘတ်တန် (Lord Mountbatten) မြန်မာပြည်က ပြန်လာတုန်းက ကရင်လူမျိုးတွေအကြောင်း ပြောပြဖူးလို့ သူ သိနေတာပါ။ ဒါ့အပြင် UK ပါလီမန်ထဲမှာ စကားပြောတုန်းက ကျွန်မ မာနယ်ပလောမှာ မွေးဖွားကြောင်း ပြောပြတဲ့အခါ လော့ဒ် အယ်လ်တန် (Lord Dubs)က စိတ်ဝင်စားသွားပြီး သူကိုယ်တိုင် မာနယ်ပလောကို ရောက်ဖူးကြောင်း ပြန်ပြောပြပါတယ်။

ဒီလိုမျိုး နိုင်ငံတကာ ခေါင်းဆောင်တွေက ကရင်လူမျိုးတွေရဲ့ သမိုင်းနဲ့ ရုန်းကန်မှုတွေကို အသိအမှတ်ပြုကြတာ တွေ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

မေးခွန်း – ၃ ။ ဖခင်ဖြစ်သူ ဖဒိုမန်းရှာရဲ့ “ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး” လမ်းစဉ်ဟာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှာ ဘယ်လောက်အထိ အရေးပါသလဲ? အမျိုးသမီးတွေက ဒီစည်းလုံးမှုကို ဘယ်လိုမျိုးပိုပြီး ခိုင်မာအောင် လုပ်ဆောင်နိုင်သလဲ?

ဟုတ်ကဲ့ရှင့်။ အပါး (ဖခင်) ပဒိုမန်းရှာလားဖန်း အသက်ရှင်စဉ်က သူဟာ ကရင်လူမျိုးတွေ စည်းလုံးဖို့၊ တိုင်းရင်သား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကြား လက်တွဲလုပ်ဆောင်ပြီး အာဏာရှင်စနစ်ကို  တိုက်ထုတ်ဖို့ အမြဲတိုက်တွန်းလေ့ ရှိပါတယ်။ သူ့ရဲ့ လမ်းပြမှုတွေဟာ ကျွန်မတို့ လူမှုဝန်းကျင်အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အခြေခံ ပြည်သူတွေနဲ့ အမျိုးသမီး အဖွဲ့အစည်းတွေအတွက်ပါ။

အပါးဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ခွန်အားကြီးမားတဲ့ ကျွန်မတို့ အမိုး (မိခင်) နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ အမိုးဟာ ဧရာဝတီတိုင်းကဖြစ်ပြီး စစ်ဗိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အမျိုးသမီး အဖွဲ့အစည်းမှာလည်း ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အပါးက အမိုးရဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ ရဲရင့်ပြတ်သားမှုတွေကို အမြဲလေးစားသလို၊ တခြား ကရင်အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အသိအမှတ်ပြု အားပေးတတ်ပါတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ တော်လှန်ရေးအတွက် ဘယ်လောက် အကျိုးရှိလဲဆိုတာကို အပါးက လက်တွေ့ယုံကြည်ခဲ့သူ ဖြစ်ပါတယ်။

မေးခွန်း – ၄ ။ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းက ကရင်အမျိုးသမီးတွေရဲ့ အသံကို ကမ္ဘာ့အဆင့်မြင့် ပါလီမန်တွေအထိ ရောက်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ သယ်ဆောင်သွားသလဲ?

ဟုတ်ကဲ့ရှင့်။ ကျွန်မတို့ လုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ်။ ဒုက္ခသည်စခန်း၊ ကော်သူးလေ အုပ်ချုပ်နယ်မြေနဲ့ မြန်မာပြည်တွင်းက ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ထောက်ပံ့ပေးနေပါတယ်။ အမျိုးသမီး အဖွဲ့အစည်းတွေ၊ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး မြေပြင်အချက်အလက်တွေ၊ အစီရင်ခံစာတွေကို စုစည်းကာ ပါလီမန်တွေ၊ နိုင်ငံတကာ  သတင်းဌာနတွေ၊ အစိုးရတွေ၊ UN နဲ့ EU တွေဆီ ပေးပို့ တင်ပြပါတယ်။

ဒါ့အပြင် ကရင်အမျိုးသမီး ကိုယ်စားလှယ်တွေကို UK နဲ့ တခြားနိုင်ငံတွေကို ဖိတ်ကြားပြီး ပါလီမန်မှာ ကိုယ်တိုင် စကားပြောနိုင်အောင် စီစဉ်ပေးပါတယ်။ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစည်းအဝေးတစ်ခုမှာ နော်ကညောဖောနဲ့ နော်ဝါးခူရှီး အပါအဝင် KWO တာဝန်ရှိသူတွေ တက်ရောက်ပြီး အမျိုးသမီးတွေရဲ့ လိုအပ်ချက်၊ လူသားချင်းစာနာမှုနဲ့ အခြေခံပြည်သူတွေရဲ့အသံတွေကို တင်ပြခွင့် ရခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

မေးခွန်း – ၅ ။ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက ပိုမိုသိရှိလာအောင် လုပ်ဆောင်ရတဲ့နေရာမှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲ?

ဟုတ်ကဲ့ရှင့်။ ကျွန်မတို့ လုပ်ဆောင်နေတဲ့ စည်းရုံးလှုံ့ဆော်ရေး (Advocacy) မှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ မြန်မာနိုင်ငံဟာ ဒီနိုင်ငံကြီးတွေနဲ့ အလှမ်းဝေးနေတာပါပဲ။ တစ်ခါတလေမှာ မြန်မာနိုင်ငံဟာ သူတို့အတွက် ထိပ်တန်းဦးစားပေး မဟုတ်နေတာမျိုး ကြုံရတတ်ပါတယ်။ သို့သော်လည်း ကျွန်မတို့ အားမလျှော့ဘဲ အမျိုးသမီးတွေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမြဲတင်ပြနေပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အမျိုးသမီးတွေဟာ (၁) အာဏာရှင်စနစ်က လွတ်မြောက်ဖို့၊ (၂) တိုင်းရင်သား အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိဖို့၊ (၃) အသိုင်းအဝိုင်းထဲမှာ အချင်းချင်းကြားမှာလည်း အထင်သေးမှုတွေ မရှိဘဲ တန်းတူညီမျှဖို့ ဆက်ပြီး ကြိုးစားရဦးမှာပါ။ အမျိုးသမီးတွေရဲ့ အသံဟာ ဥပဒေပြုရေးမှာ ပါဝင်လာဖို့နဲ့ လူမှုဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေကို လျှော့ချနိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။ အားလုံးက နားလည်သဘောပေါက်ပြီး ပူးပေါင်းလုပ်ဆောင်မှသာ မှန်ကန်တဲ့ ထောက်ပံ့မှုမျိုး ရရှိမှာ ဖြစ်ပါတယ်။

မေးခွန်း – ၆ ။ လက်ရှိ နွေဦးတော်လှန်ရေးမှာ ကရင်အမျိုးသမီးငယ်တွေဟာ နယ်ပယ်စုံ (လက်နက်ကိုင်တော်လှန်ရေးမှသည် မူဝါဒရေးရာအထိ) ပါဝင်လာကြပါတယ်။ သူတို့ကို နိုင်ငံတကာက ဘယ်လိုပုံစံနဲ့ အသိအမှတ်ပြုသင့်သလဲ?

ဒါက အရမ်းကို အရေးကြီးပါတယ်။ ကျွန်မ ကော်သူးလေ နယ်မြေအသီးသီးကို သွားခဲ့တဲ့အခါ နေရာတိုင်းမှာ အမျိုးသမီးငယ်လေးတွေ တော်လှန်ရေးမှာ ပါဝင်နေတာကို တွေ့ရလို့ အရမ်းဂုဏ်ယူမိပါတယ်။ နိုင်ငံတကာကလည်း ဒီပေးဆပ်မှုတွေကို သိမြင်ဖို့ လိုပါတယ်။ အခုအချိန်မှာ ယူကရိန်း၊ ဂါဇာနဲ့ အီရန် ကိစ္စတွေကြောင့် မြန်မာ့အရေးက မှေးမှိန်သလို ဖြစ်နေပေမဲ့၊ ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို နိုင်ငံတကာက ပိုပြီး အသိအမှတ်ပြုလာဖို့နဲ့ ကူညီထောက်ပံ့မှုတွေ ပိုရရှိဖို့ ကျွန်မတို့ ဆက်ပြီး ကြိုးစားနေပါတယ်။

မေးခွန်း – ၇ ။ “KWO သက်တမ်း ၄၁ နှစ်အတွင်းမှာ ကရင်အမျိုးသမီးတွေရဲ့ လူမှုဘဝနဲ့ နိုင်ငံရေးအမြင်တွေ ဘယ်လိုမျိုး အပြောင်းလဲဆုံးဖြစ်ခဲ့တယ်လို့ မြင်ပါသလဲ?” 

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ကို မာနယ်ပလောမှာ စတင်ဖွဲ့စည်းစဉ်က ကျွန်မ အသက် ၄ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မရဲ့ အမိုးဟာလည်း KWO ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ငယ်စဉ်က အမေ ရုံးသွားရင် အမြဲ လိုက်သွားခဲ့ဖူးပါတယ်။ အမေဟာ ကျေးရွာတစ်ရွာပြီးတစ်ရွာ စည်းရုံးရေးဆင်းတာ၊ တော်လှန်ရေးအတွက် နည်းမျိုးစုံနဲ့ ထောက်ပံ့တာတွေကို မြင်တွေ့ခဲ့ရပါတယ်။

အခု ၄၁ နှစ်ပြည့်မှာ ပြန်ကြည့်ရင် တိုးတက်မှုတွေက ရေတွက်လို့တောင် မရပါဘူး။ အရင်က ခေါင်းဆောင်ပိုင်းရဲ့ ဇနီး၊ သမီးတွေလောက်ပဲ ပါဝင်နိုင်ခဲ့ရာကနေ အခုဆိုရင် အခြေခံလူထု (Grassroots Community) က အမျိုးသမီးတွေ ပိုပြီး ပါဝင်လာကြပါတယ်။ ကော်သူးလေ နယ်မြေတင်မကဘဲ ဒုက္ခသည်စခန်းတွေနဲ့ နိုင်ငံတကာ ရောက်နေတဲ့ အမျိုးသမီးတွေအထိ ဖွဲ့စည်းမှုတွေ အားကောင်းလာပါတယ်။ အခုဆိုရင် အမျိုးသမီးတွေဟာ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ တရားရေးနဲ့ တိုက်ခိုက်ရေး ကဏ္ဍတွေမှာပါ ခေါင်းဆောင်ပိုင်းအထိ ပါဝင်လာတာဟာ KWO ရဲ့ လုပ်ဆောင်မှု အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။

မေးခွန်း – ၈ ။ “KWO ဟာ ဒုက္ခသည်စခန်းတွေနဲ့ ရှေ့တန်းဒေသတွေမှာ အမျိုးသမီးတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတွေကို မနားမနေ လုပ်ဆောင်နေပါတယ်။ ဒီလုပ်ဆောင်ချက်တွေက ကရင်တော်လှန်ရေးရဲ့ ‘အသက်သွေးကြော’ လို့ ဆိုနိုင်မလား?”

ဟုတ်ကဲ့ပါ။ KWO ရဲ့ လုပ်ဆောင်ချက်တွေဟာ တော်လှန်ရေးအတွက် အင်မတန် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုနဲ့ နောက်ကွယ်က ပံ့ပိုးကူညီမှုတွေ (အစားအသောက်၊ အားပေးစကား၊ ထောက်ပံ့မှုများ) ဟာ ကြီးမားတဲ့ အားတစ်ခု ဖြစ်ပါတယ်။ ကရင်အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေဟာ အနာဂတ်မှာ တန်းတူညီမျှမှုကို အာမခံတဲ့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိတဲ့ လူမှုအဖွဲ့အစည်းသစ်ကို ဖြစ်ပေါ်လာစေမှာပါ။

မေးခွန်း – ၉ ။ “နောက်ထပ် နှစ်ပေါင်းများစွာအထိ KWO ရဲ့ လမ်းစဉ်ကို ဆက်လက်သယ်ဆောင်သွားမယ့် ကရင်အမျိုးသမီးငယ်တွေကို ဒီ ၄၁ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဘာများ မှာကြားချင်သလဲ?* 

ကျွန်မ ပြောချင်တာက “လုပ်စရာရှိတာကို လုပ်ပါ” ဆိုတာပါပဲ။ ဒါဟာ ငါတို့လုပ်ရမဲ့ တာဝန်ပဲလို့ ဆုံးဖြတ်ထားရင် ဘယ်သူတွေ ဘာပြောပြော၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိပါစေ လုပ်လိုက်ပါ။ ဒီကမ္ဘာမှာ အပြောင်းအလဲတွေ အမြဲရှိနေမှာပါ။ ဘယ်လောက်ပဲ ဖိအားတွေ ရှိပါစေ လွယ်လွယ်နဲ့ စိတ်ဓာတ်မကျပါနဲ့။ ကျွန်မကိုယ်တိုင်လည်း စစ်ဘေးရှောင်ရတာ၊ ဒုက္ခသည်စခန်းမှာ ခက်ခက်ခဲခဲ နေခဲ့ရတာတွေ ကြုံခဲ့ဖူးပါတယ်။ ကျွန်မတို့ ပေးဆပ်ခဲ့ရတဲ့ အရာတွေဟာ တစ်ချိန်မှာ အကျိုးကျေးဇူး ရှိလာမှာပါ။ ဒါကြောင့် ရဲရဲဝံ့ဝံ့ ရပ်တည်ကြပါလို့ မှာချင်ပါတယ်။

မေးခွန်း – ၁၀ ။ “ကရင်နိုင်ငံရေး ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ KWO ရဲ့ အခန်းကဏ္ဍက အခုထက်ပိုပြီး ဘယ်လိုမျိုး အားကောင်းလာသင့်သလဲ?*

ရှေ့ဆက်လုပ်ရမဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ အဓိက နည်းလမ်း (၃) ခု ရှိတယ်လို့ မြင်ပါတယ်။ (၁) လူမှုအသိုင်းအဝန်းမှာ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပညာပေး ဥပမာ လုပ်ဆောင်ဖို့နဲ့ သူတို့ကို နားလည် ထောက်ပံ့ပေးဖို့။ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး(Women empowerment)အတွက်ငွေကြေးထောက်ပံ့မှုပေးဖို့။ (၂) အတွေးအမြင်ပိုင်းပါ။ ဥပမာ အမျိုးသမီးတွေဟာ အိမ်အလုပ်ပဲ လုပ်ရမယ်ဆိုတဲ့ အမြင်တွေကို  ဖျောက်ဖျက်ရပါမယ်။ ကျွန်မ အဖေနဲ့ အမေဟာ အိမ်အလုပ်တွေကို အမြဲ တန်းတူခွဲဝေ လုပ်ဆောင်ခဲ့ကြပါတယ်။ (၃) အမျိုးသမီး အခွင့်အရေးကို ကာကွယ်ပေးမဲ့ ဥပဒေနဲ့ မူဝါဒတွေ စနစ်တကျ ရှိရပါမယ်။ အခုဆိုရင် KNU အတွင်းမှာ အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိလာအောင် ချမှတ်ထားဖို့လိုပါတယ်။ ယခင်က ပဒိုနော်စီဖိုးရာစိန် ဟာ KNU ရဲ့ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူးချုပ် ဖြစ်ခဲ့သလို၊ အခုလည်း တရားရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာတာဟာ ကောင်းမွန်တဲ့ အချက်ပါ။ အမျိုးသား ခေါင်းဆောင်တွေကလည်း အမျိုးသမီးတွေကို အခွင့်အရေးပေးပြီး တွန်းအားပေးဖို့ လိုအပ်ပါတယ်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts