ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်- အပိုင်း(၁) – ၄

လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း


ကရင့်တော်လှန်ရေး ဒုတိယ လမ်းစဉ်နှင့် တပ်ပေါင်းစု တည်ဆောက်ရေး

ကရင်အမျိုးသာများ၏ တန်းတူရေးနှင့် အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိသော၊ ကရင်ပြည် ရရှိရေး၊ နိုင်ငံရေးလှုပ်ရှားမှှုသည် မြန်မာပြည်ရှိ လူမျိုးများ အားလုံးနှင့် အကြုံးဝင်သည်ကို ကေအဲန်ယူ ဥက္ကဋ္ဌ စောဘဦးကြီးက အလေး အနက် ခံယူ ထားသည်။ လူမျိုးများအားလုံး၊ ကရင်အမျိုးသားများနှင့်အတူ တိုက်ပွဲ ဝင်ရန်လည်း ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် ကျင်းပသော ကေအဲန်ယူ အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အရေးပေါ် အစည်းအဝေး၌၊ လူမျိုးစု အဖွဲ့အစည်းများ ဖွဲ့စည်းရန် သဘောထားကို ချမှတ် ခဲ့သည်။ 

၁၉၄၇ ခုနှစ်၊ အောက်တိုဘာ(၁၀)ရက်နေ့တွင် မော်လမြိုင်၌ ကျင်းပသော ကရင် အမျိုးသား ညီလာခံတွင်၊ နယ်မြေအရ၎င်း၊ လူမျိုးရေးအရ အနီးစပ်ဆုံး ဖြစ်သော “မွန်” အမျိုးသားခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့ရာ၊ (၁) နိုင်လှမောင်၊ (၂) နိုင်ဖိုးချို၊ (၃) မိဟောင်ဆွာ၊ (၄) နိုင်ဘလွင်(ခေါ်) နိုင်ရွှေကျင် တို့ တက်ရောက်ခဲ့သည်။ ထို ညီလာခံ၌ပင် မွန်ခေါင်းဆောင်များနှင့် ကရင်ခေါင်းဆောင်များ လွတ်လပ်သည့် တိုင်း ပြည် ရရှိ ပေါ်ပေါက်ရေးကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ မော်လမြိုင် ညီလာခံတွင် ကရင်အမျိုးသား ကာကွယ် ရေးအဖွဲ့ (K.N.D.O.)ဖွဲ့စည်းရာ၊ မွန်တို့ ကလည်း “မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့” (M.N.D.O.)ကို ဖွဲ့စည်းခဲ့သည်။ 

မော်လမြိုင် ညီလာခံကျင်းပပြီးနောက်ပိုင်းတွင်၊ မွန်နှင့် ကရင် ခေါင်းဆောင် များသည် ရန်ကုန်မြို့တွင် တွေ့ဆုံပြီး၊ အချက်(၄)ချက်ပါဝင်သည့် “မွန်-ကရင် သဘောတူ ညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြ သည်။ 

“မွန်-ကရင်သဘောတူညီချက်”

၁။ မွန်နှင့် ကရင်တို့သည် အတူတကွ လက်တွဲပြီး၊ စည်းလုံးညီညွတ်စွာဖြင့် ကရင် ပြည်၊ မွန်ပြည် ရရှိသည်အထိ လက်တွဲဆောင်ရွက်သွားရန်။

၂။ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်သွယ်ရာတွင်၊ ကရင်ဖြစ်စေ၊ မွန်ဖြစ်စေ ပြုလုပ်လို ပါက တဦးကို တဦး၊ ကြိုတင်အသိပေးသွားရန်။ ကြိုတင် အသိပေးခြင်း မရှိဘဲ သီးခြား လုပ်ဆောင်ခြင်းများ မပြုလုပ်ရန်။

၃။ လွတ်လပ်သည့် ကရင်ပြည်နှင့် မွန်ပြည် ရရှိသည့်အချိန်တွင်လည်း ငွေ စက္ကူ တမျိုးတည်းကိုသာ အတူတကွ သုံးစွဲသွားရန်။

၄။ တိုင်းပြည်ရရှိရေး ကြိုးပမ်းချက်တွင်၊ ကရင်ကိုထိလျှင် – မွန်ကို ထိသကဲ့ သို့၎င်း၊ မွန်ကိုထိလျှင် – ကရင်ကိုထိသကဲ့သို့ သဘောထားရမည်စသည့် အချက်(၄) ချက်ကို လက်မှတ် ရေးထိုးကြသည်။ 

ကရင်ပြည်၊ မွန်ပြည် အတူတကွ တောင်းဆိုရာတွင် ၁၉၄၇ ခုကာလ၊ ကရင်အမျိုးသားများ အစည်းအရုံးက တောင်းဆိုသော၊ ကရင်ပြည် သတ်မှတ်ရာတွင် တောင်ငူခရိုင်အပါအဝင်၊ တနင်္သာရီတိုင်း ဧရာဝတီတိုင်း၊ အင်းစိန်ခရိုင်၊ ဟံသာဝတီ ခရိုင်၊ ညောင်လေးပင် ဆပ်ဒီဗီရှင်း (Sub-Division) တို့ ဖြစ်သည်။ 

မွန်အမျိုးသားခေါင်းဆောင်များ တောင်းဆိုသော မွန်ပြည်ကို သတ်မှတ်ရာ တွင် တနင်္သာရီတိုင်း၊ မော်လမြိုင်ခရိုင် အပါအဝင် အောက်ဗမာပြည်ကို မွန်ပြည် နယ်အဖြစ် သဘောထားသည်။ 

ကရင်များတောင်းဆိုသော ကရင်ပြည် နယ်မြေများကို မွန်ခေါင်းဆောင်များက ထောက်ခံသကဲ့သို့ မွန်ခေါင်းဆောင်များ တောင်းဆိုသော မွန်ပြည် နယ်နမိတ် သတ်မှတ် ချက်ကိုလည်း ကရင်များက ထောက်ခံခဲ့သည်။ မွန်ပြည်၊ ကရင်ပြည် နယ်မြေများ သတ် မှတ်ရာတွင် နယ်မြေခြင်း ထပ်နေသော်လည်း အငြင်းပွားမှု မရှိဘဲ မွန်-ကရင် သွေးစည်း ညီညွတ်ခြင်း ရှိကြောင်းကို ပြသခဲ့ကြသည်။ 

၁၉၄၇ ခုနှစ်၊ ကရင်အမျိုးသား ညီလာခံတွင် မွန်ကာကွယ်ရေးတပ်ဖွဲ့ (M.N.D.O.) Mon National Defence Organization ကို တပ်ရင်း (၂)ရင်းဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုတပ်ရင်းများမှာ သထုံခရိုင်တွင် တပ်ရင်း(၁)ရင်း၊ တနင်္သာရီတိုင်း မော်လမြိုင်နှင့် ဘိတ် (မြိတ်) ဘက်တွင် တပ်ရင်း (၁)ရင်း တို့ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ ဇန္နဝါရီလ(၃)ရက်နေ့တွင် K.N.D.O. နှင့် M.N.D.O. ကို ဖဆပလ က မတရားအသင်း အဖြစ် ကြေညာခဲ့သည်။ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲတွင် ဗိုလ်ကြီးတာကပေါ ဦးဆောင်မှု အောက်တွင်၊ သထုံ တပ်မဟာမှ M.N.D.O.များ ပါဝင်ပူးပေါင်းခဲ့ပြီး၊ အင်းစိန် မှ ဆုတ်ခွာခဲ့သည်အထိ ကူညီ တိုက်ခိုက်ခဲ့ကြသည်။ M.N.D.O. ကို ဦးဆောင်သော မွန်တပ်ဖွဲ့မှာ ဗိုလ်မောင်ညွန့် ဖြစ်သည်။ တနင်္သာရီ တိုင်း၊ ဘိတ်(မြိတ်) ထားဝယ် ခရိုင် တွင်ရှိသော M.N.D.O. တပ်ဖွဲ့များသည် K.N.D.O. နှင့်အတူ ဖဆပလ မှ လက်နက်များ သိမ်းယူရာတွင် ပါဝင်သဖြင့် အင်းစိန်တိုက်ပွဲတွင် ပါဝင်ခွင့် မရ လိုက်ကြပေ။

အခြားလူမျိုးများဖြစ်သော ကရင်နီ၊ ပအိုဝ်း၊ ကချင်၊ ချင်း၊ လားဟူ စသည့် လူမျိုး များလည်း ကရင့်တော်လှန်ရေးကို အားပေးကူညီကြသည်။ ကရင်လက်နက်ကိုင်များက၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့များဖြစ်သော ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ကလော စသော မြို့များကို သိမ်းပိုက်ရာတွင်၊ ရှမ်းပြည်ရှိ ရှမ်းအမျိုးသားများက တတ်အား သ၍ ကူညီခဲ့ကြသည်။ သို့သော် ကရင်များ တောင်းဆိုသော ဒေသ၊ မြို့နယ်များ မဟုတ် သည့်အတွက် အခြားတော်လှန်ရေး အဖွဲ့ဖြစ်သော `ဗကပ´ လက်ထဲသို့ အပ်နှံခဲ့သည်။ 

ကေအဲန်ယူ အစည်းအရုံးကို ဦးဆောင်ခဲ့သူ စောဘဦးကြီးသည်၊ လူမျိုးစု အချင်း ချင်း စည်းလုံးညီညွတ်ရေး၊ ယိုင်းပင်းကူညီရေး၊ အခိုင်အမာ လက်တွဲရေး၊ သဘောထား များကို လက်တွေ့ကျင့်သုံး ခဲ့သည်မှာ၊ “မွန်-ကရင် သဘောတူညီချက်” လက်မှတ်ရေးထိုး ခဲ့ခြင်းက သက်သေပြခဲ့သည်။ ထို့ကြောင့် ကေအဲန်ယူ အစည်းအရုံး၏ နိုင်ငံရေး ရှေ့ ဆောင်မှုကို၊ အဖိနှိပ်ခံ လူမျိုးအသီးသီးက လေးစားသမှု ပြုခဲ့ကြသည်။ 

စောဘဦးကြီး ကျဆုံးပြီးသည့်နောက်ပိုင်း၊ ကေအဲန်ယူပါတီ၏ နိုင်ငံရေး ရှေ့ ဆောင်မှုအောက်တွင်၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ တပ်ပေါင်းစု တည် ဆောက်ရေး လုပ်ငန်းသည် ပါတီ သေနင်္ဂဗျူဟာ ဆိုင်ရာ လုပ်ငန်းစဉ် (၃)ရပ်တွင် တတိယ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် ဖော်ပြထားသည်။ 

သေနင်္ဂဗျူဟာ ဆိုင်ရာ လုပ်ငန်းကြီး(၃)ရပ်တွင်၊ (၁) ပါတီတည်ဆောက်ရေး၊ (၂) တပ်မတော်တည်ဆောက်ရေး၊ (၃) တပ်ပေါင်းစု တည်ဆောက်ရေးတို့ပင် ဖြစ်သည်။ 

ကေအဲန်ယူတို့သည်၊ ညီနောင်အဖွဲ့အစည်းများဖြစ်သော 

(က) ကရင်နီ တော်လှန်ရေး၊

( ခ) ကယန်း တော်လှန်ရေး၊

( ဂ) ရှမ်း တော်လှန်ရေး၊

(ဃ) ကချင် တော်လှန်ရေး၊

( င) ပအိုဝ်း တော်လှန်ရေး၊ 

အင်အားစုများကို ကူညီအားဖြည့်ခြင်း၊ ပူးပေါင်း ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကရင်နီပြည်သားများဖြစ်သော ကယား၊ ကယန်း၊ ပကူး၊ ပရဲ့၊ မနုမနော လူမျိုးများကို ကရင်မျိုးနွယ်စုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ကေအဲန်ယူ အစည်းအရုံး ပေါ် ပေါက်လာသောအချိန်တွင်၊ ကေအဲန်ယူအစည်းအရုံးတွင် ပါဝင်လာခဲ့သည့် ကရင်နီ ပြည်နယ်တွင်၊ K.N.U. အစည်းအရုံး ဥက္ကဋ္ဌမှာ ပဒိုဦးဘီ နှင့် K.N.D.O. ကာကွယ်ရေးမှူး မှာ စကောထောပလို (ရစ်ချ်မွန်) ဖြစ်သည်။ ကရင်နီ ခေါင်းဆောင်များသည် ကေအဲန်ယူ အစည်းအရုံးတွင် ပါဝင်ပြီး၊ ကရင်နီပြည် ထူထောင်ရေးကို  တိုက်ပွဲဝင် တောင်းဆိုကြ သည်။ (မနုမနော အား ယခုအခါ “ကော်ရော်” ဟု ပြောင်းလဲ ခေါ်ဝေါ်နေကြသည်။)

၁၉၄၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ဗရင်ဂျီ ဘာသာဝင်ဖြစ်သူ၊ စော အေမြလေးက ကရင်နီ၊ ကယားပြည်နယ် K.N.U. ဥက္ကဋ္ဌ ပဒိုဦးဘီကို ဖမ်းဆီး ချည်တုတ်ပြီး၊ ဂုံနီအိပ်တွင်းထည့်ကာ မြစ်ထဲသို့ ပစ်ချ သတ်ဖြတ်လိုက်သည်။ ထို ကိစ္စနှင့် ပတ်သက်၍ ခရစ်ယာန် ဘာသာဝင်ဖြစ်သော၊ ကယား၊ ကယန်း၊ ပရဲ့ လူမျိုးများက ဗရင်ဂျီ ဘာသာဝင်များကို ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ ဤသို့ဖြင့် ဘာသာရေး အဓိကရုဏ်းကြီး ပေါ်ပေါက်ခဲ့လေသည်။ ထိုဘာသာရေး အဓိကရုဏ်း ကြောင့် ရန်သူ့တပ်တွင် အမှုထမ်း နေကြသော ခရစ်ယာန်ဘာသာဝင် စစ်သား၊ ပုလိပ်များသည်၊ ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော် အစရှိသော မြို့များမှ ပြန်လာကာ ဗရင်ဂျီ ဘာသာဝင်များကို တိုက်ခိုက်လေသည်။ ဗရင်ဂျီ ဘုန်းကြီး အခ့ျို အသတ်ခံကြရသည်။ ထို သြဂုတ်လ (၈)ရက်နေ့အား “ကရင်နီ တော်လှန်ရေး နေ့”ဟူ၍ သတ်မှတ်ခဲ့ကြသည်။ 

၁၉၄၉ ခုနှစ်၊ ကရင်တော်လှန်ရေး စတင်ချိန်တွင် ပါဝင်လာသော၊ ကရင်နီ စစ်တပ်ကို ကရင်အမျိုးသားတပ်မတော် တပ်မဟာ(၁)အဖြစ် ဖွဲ့စည်းပြီး၊ ကရင်နီပြည်ကို အုပ်ချုပ်ခွင့် ပေးထားသည်။ ကရင်နီတပ်ကို ဦးစီးသော တပ်မှူးမှာ ထောပလို (ခေါ်) ရစ်ချ်မွန်၊ ဗိုလ်ကြီး အက်စ်သိန်း၊ ဗိုလ်မောင်လေး၊ ဗိုလ်ကြီး ထွေးကျော် တို့ဖြစ်သည်။ 

ကရင်နီနယ်သည် မျိုးနွယ်များ ကွဲပြားမှု၊ ဘာသာရေး ယုံကြည်ချက် ကွဲပြားမှု တို့အပေါ်တွင် အသုံးချကာ ရန်သူက ၎င်းတို့၏ ဒေသများကို တခုပြီးတခု ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ဆုံး ကရင်နီ တော်လှန်ရေးအဖွဲ့သည်၊ ပကူးများ နေထိုင် သော မော်ချီးမြို့ ပတ်ဝန်းကျင် တဝိုက်၌သာ အခြေခံနိုင် တော့သည်။ 

၁၉၅၄ ခုနှစ်တွင် ကော်သူးလေ အုပ်ချုပ်ရေးမှ ကရင်နီနယ်ကို လွတ်လပ် သည့်၊ ကရင်နီ ပြည်နယ်အဖြစ် အသိအမှတ်ပြုပြီး၊ ကော်သူးလေ တပ်မဟာ(၁)ကို ကရင်နီပြည် တပ်မတော်အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းပေးခဲ့သည်။ ကရင်နီပြည်သည် လွတ်လပ်ပြီး ကော်သူးလေနှင့် တန်းတူ ဆက်ဆံရေးကို ကရင်နီပြည်မှ ကော်ကဆာ စောရွှေနှင့် ဆရာ စကောလယ်တောတို့ စာချုပ်ချုပ်ဆိုပြီး အတည်ပြုခဲ့ကြသည်။ ၁၉၅၅ ခုနှစ်၊ ကရင်နီပြည် သမ္မတ ကော်ကဆာစောရွှေ ကွယ်လွန်သွားသောအခါ၊ သူ၏ ဇနီးကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ကြသည်။ အမျိုးသမီးတဦးဖြစ်ပြီး သား သမီးများကို စောင့်ရှောက် ရခြင်းနှင့် အိမ်မှု ကိစ္စများကြောင့် သမ္မတ တာဝန်ကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၁၉၅၆ ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး၊ သူမနေရာတွင် “စမောင်ရိုး” ကို ရွေးချယ် တင်မြှောက်လေသည်။ စမောင်ရိုးသည် ပကူး အမျိုးသား လူငယ်တဦးဖြစ်ပြီး၊ အတွေ့အကြုံ နုနယ်သူ တဦး လည်းဖြစ်သည်။ သူ့ကို မော်ချီး သတ္တုတွင်း မန်နေဂျာ မျက်နှာဖြူတဦး (အင်္ဂလိပ်လူမျိုး) က၊ ဝင်ရောက် ချယ်လှယ်ပြီး၊ သူ၏အပေါင်းအသင်းများ ဖြစ်သော၊ “အရီးကီး” “ထေထေ” “ဖိုးထေ” စသော ပုဂ္ဂိုလ် များမှာ ရန်သူ၏ သွေးခွဲ သပ်လျှို ခြင်းကို ခံထား ရသူများ ဖြစ်သည်။ 

၁၉၅၇ ခုနှစ်တွင် ကရင်နီပြည်လုံးဆိုင်ရာ ကွန်ဂရက်ကို ခေါ်ယူခဲ့ပြီး၊ နယ်ခ့ျဲ ဆန့် ကျင်ရေး၊ မြေရှင်ပဒေသရာဇ်လမ်းစဉ်ကို ချမှတ်လိုက်သည်။ ထို့နောက် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ K.N.P.P. Kareni National Progressive Party. ကို ဖွဲ့စည်း တည် ထောင်လိုက်သည်။ K.N.P.P. ဗဟို အလုပ်အမှုဆောင် ကော်မတီကို ဖွဲ့စည်းရာ အောက်ပါ ပုဂ္ဂိုလ်များကို ရွေးချယ် တင်မြှောက်လိုက်သည်။ 

ဥက္ကဋ္ဌ – စကောထောပလို (ရစ်ချ်မွန်)၊

ဒုတိယ ဥက္ကဋ္ဌ – စကောမိအက် (ကယန်းလူမျိုး)၊

အတွင်းရေးမှူး – စောလှဦး ခေါ် ဂေဆိုး (ပကူးလူမျိုး)၊

တွဲဘက်အတွင်းရေးမှူး – စောမောရယ် (ကယား)နှင့် ဗဟို အလုပ်အမှုဆောင် (၅)ဦးကို ရွေးချယ် တင်မြှောက်လိုက်သည်။ 

၁၉၅၇ ခုနှစ်တွင် “စမောင်ရိုး”နှင့် နောက်လိုက်များက၊ ဥက္ကဋ္ဌ ထောပလို (ခေါ်) ရစ်ချ်မွန် ကို ပစ်သတ်လိုက်သည်။ ဤပဋိပက္ခကြောင့် နှစ်ဘက် တိုက်ခိုက်မှုများ ဖြစ်ပေါ် လာသဖြင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသကဲ့သို့ ကရင်နီ ပြည်သူ များမှာလည်း လွန်စွာ ဒုက္ခရောက်ခဲ့ကြရသည်။

ဥက္ကဋ္ဌ ထောပလို ကွယ်လွန်ပြီးနောက်၊ သူ၏ နေရာတွင် စကောမိအက် ကို တင်မြှောက်ခဲ့လေသည်။ စကောမိအက်သည် ပညာအရည်အချင်း နည်းသော်လည်း၊ ရိုးသားဖြောင့်မတ်ပြီး လုပ်ငန်းကို ကြိုးစား အကောင်အထည် ဖော်ခဲ့သူ တဦးဖြစ်သည်။ ၁၉၅၉ ခုနှစ်သို့ ရောက်သောအခါ ကယန်းလူမျိုး စောကျော်နိုင်ကို၊ K.N.P.P. ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် စောလှဦး (ခေါ်)ဂေဆိုး ကို၊ ရန်သူ ဖမ်းမိသွားပြီး မကြာမီမှာပင် ဥက္ကဋ္ဌ ဖြစ်သူ စောကျော်နိုင်လည်း ရန်သူ၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။ တွဲဘက် အတွင်းရေးမှူး စောမောရယ်နှင့်အတူ ဗိုလ်ချုပ် အောင်သန်းလေး၊ ဗိုလ်စံခ တို့၏အဖွဲ့သာ ကျန်ခဲ့တော့သည်။ ဗိုလ်စောမောရယ် သည်လည်း အလုပ် ကြိုးစားသူ ဖြစ်သဖြင့် ပြည်သူ လူထု၏ ထောက်ခံမှုကို ရရှိသူ တဦး ဖြစ်သည်။ 

ကရင်နီပြည်၏ နိုင်ငံရေးအခက်အခဲကို ကူညီရန် ဗိုလ်မောရယ်က ကေအဲန်ယူ ပါတီကို အကူအညီတောင်းခံလာရာ၊ ကေအဲန်ယူပါတီ၏ အရှေ့တိုင်း စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကော်ထူးက၊ ၁၉၅၉ ခုနှစ်တွင်၊ ပါတီမှ တပ်ဖွဲ့တဖွဲ့ကို စေလွှတ်လိုက်သည်။ ထို တပ်ဖွဲ့ကို စစ်ဦးစီးဋ္ဌာနချုပ်မှ ဗိုလ်ဒါဝိတ် နှင့် ဗိုလ်ထွန်းလူ တို့က ဦးဆောင်သွားသည်။ ၎င်းအဖွဲ့တွင် ဋ္ဌာနချုပ်မှ ဗိုလ်အောင်ကိုး၊ ချာတိတ် (ဗိုလ်ဒါဝိတ်၏ ညီ)၊ အထွန်း၊ မြဝင်း စသော တိုက်ခိုက်ရေး ကောင်းသည့် တပ်ဖွဲ့များ ပါဝင်လေသည်။ ဗိုလ်ဒါဝိတ်သည် စည်းရုံးရေး ကောင်းပြီး၊ “ဘူးသို၊ ကွာခီး”ရှိ ခရစ်ယာန် သင်းအုပ်ဆရာများကို ချဉ်းကပ်ကာ လူထုစည်းရုံးရေး၊ ဘာသာရေး အစီအစဉ်များတွင် ပါဝင်ကူညီခဲ့သည်။ ဤသို့ဖြင့် ကရင်နီ လူငယ်များကို စည်းရုံးရာ တပ်ခွဲ တခွဲခန့်အထိ စည်းရုံး ဖွဲ့စည်းနိုင် ခဲ့သဖြင့် လိုအပ်သော လက်နက်များကို ကော်သူးလေ ဗဟိုဋ္ဌာနချုပ်မှ ပေးပို့ တပ်ဆင် နိုင်ခဲ့သည်။ 

ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့ အင်အား ကောင်းလာသောအခါ၊ စမောင်ရိုး၊ အရီးကီး၊ မောင်တောင်ကြီးတို့သည် ရန်သူနှင့် ပူးပေါင်းပြီး ဗိုလ်ဒါဝိတ်ကို ဆန့်ကျင်လာ သည်။ ဗိုလ်ဒါဝိတ်က အရေးယူရန် စီစဉ်နေချိန်မှာပင် အိမ်ထောင်သည်များ အားလုံး ရန်သူဘက်သို့ ပြောင်းရွှေ့သွားကြသည်။ ထို့နောက် ပြောက်ကျား တပ်ဖွဲ့များ ဖွဲ့စည်းပြီး၊ ရန်သူ့တပ်နှင့်အတူ နယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်းကို ပြည်သူ များမှ သတင်းပေးသဖြင့် ဗိုလ်ဒါဝိတ်က သွားရောက် တိုက်ခိုက်ရာ လမ်းခုလပ်တွင်ပင် ခြုံခို တိုက်ခိုက်ခြင်းခံရပြီးနောက် ဗိုလ်ဒါဝိတ် ကျဆုံးခဲ့ရသည့်အတွက်၊ ဗိုလ်ဒါဝိတ် နေရာတွင် ဗိုလ်ထွန်းလူက တာဝန်ယူခဲ့ရသည်။ ကရင်နီတပ်နှင့်အတူ တွဲဖက်ပြီး၊ တိုက်ပွဲ ဝင်ခဲ့သော ကာလတွင် ဗိုလ်အောင်ကိုး လည်း ကျဆုံးခဲ့ရသည်။ ဗိုလ်ထွန်းလူ ဦးဆောင်သော ပါတီတပ်ခွဲ၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်သန်းလေး ဦးစီးသော ကရင်နီတပ်ဖွဲ့မှာ တပ်ခွဲ တခွဲအထိ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ ကရင်နီနယ်မြေ အခြေအနေ ကောင်းလာသော အခါတွင်မှ ကေအဲန်ယူပါတီ စစ်ဦးစီးဋ္ဌာနချုပ်မှ မိမိတပ်ဖွဲ့ကို ပြန်လည်ခေါ်ယူခဲ့သည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect