ကျနော်နှင့် တပ်မဟာ (၆) ရန်သူထိုးစစ် – အပိုင်း(၂)

(ရဲဘော်ဇော်နောင်)

အပိုင်း (၂)

ဗမာ့တပ်မတော်ဟာ သူ့ရဲ့ဇာတိရုပ်ကို ကြာရှည်စွာ ဖုံးမထားနိုင်တော့ပါဘူး။ လူထုများကို အကြောင်းမဲ့ သတ်ဖြတ်တာတွေ ပြုလုပ်လာပါတော့တယ်။ သာဓကအနေနဲ့ပြောရရင် ကွီးခလယ်မှာ နေ့ခင်းကြောင်တောင်ရေချိုးပြန်လာတဲ့ ရွာသားတယောက်ကို ပစ်သတ်လိုက်ပါတယ်။ နောက်ပြီး မဲ့ကတီရွာမှာလည်း အသက် (၁၆)နှစ်အရွယ်လောက်သာ ရှိသေးတဲ့ တောင်ပေါ်ကရင်မလေးတယောက်ကို ပစ်သတ်လိုက်ပါတယ်။ ဒါ့အပြင် မုဒိမ်းမှု (မုဒိမ်းမှုကိုတော့ ကာယကံရှင်များရဲ့ ဂုဏ်သိက္ခာကိုငှဲ့သောအားဖြင့် မဖေါ်ပြတော့ပါ။ မုဒိမ်းမှုထဲမှာ ခလေးမွေးဖွားပြီး မကြာသေးတဲ့ မိခင်များလည်းပါ၀င်ပါတယ်) အပါအဝင် အခြားသော ရာဇဝတ်မှုများကိုလည်း ကျူးလွန်လာပါတယ်။ အဲဒီကာလမှာ

Online သတင်းမီဒီယာတွေ ယခုခေတ်လို တိုးတက်မှုမရှိသေးတာကြောင့် ပြည်တွင်း ပြည်ပက လူထုများ သိဘို့ရန် ခဲယဉ်းကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ သတင်းသမားများက လတ်ဆတ်တဲ့သတင်းများဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဖေါ်ထုတ်ပြီး လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းများဆီကို ပေးပို့ကြပါတယ်။ အဲဒီကာလက ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဗမာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းများကို သိလိုပါက ကရင့်လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းများရဲ့ မှတ်တမ်းများကို ရှာဖွေ ဖတ်ရှုပါက တွေ့မြင်ပါလိမ့်မယ်။ ဗမာ့တပ်မတော်က ဖေါ်ပြပါ ကိစ္စရပ်များကို ကျူးလွန်ပြုလုပ်လာတာကြောင့် လူထုများက KNU ကို မျှော်လင့်တောင့်တလာပါတော့တယ်။

ဒီကာလမှာ ဗမာစစ်တပ်များဟာ နေရာအနှံ့အပြား တပ်စွဲလှုပ်ရှားနေပေမဲ့ ကျနော်တို့လည်း တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက်မိလာကြပြီ ဖြစ်သလို ကျနော်တို့ရဲ့ ပြင်ဆင်ရေးအစီအစဉ်များလည်း ပြီးစီးလာပါပြီ။ ဒါကြောင့် ၁၉၉၈ ခုနှစ်၊ မိုးရာသီကာလ (ရက်နဲ့ လကို အသေအချာ မမှတ်မိတော့ပါ) ကျနော်နဲ့ ပဒိုလိလေးတို့ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး တာဝန်ကျရာ နယ်မြေများဆီကို ပြန်လည် ထိုးဖေါက် ဝင်ရောက်ရေး အစီအစဉ် စတင်လိုက်ကြပါတော့တယ်။

အပိုင်း (၁)မှာ ဖေါ်ပြခဲ့တဲ့အတိုင်း ကျနော်နဲ့အတူ လိုက်ပါကြမဲ့ မဟာမိတ်အဖွဲ့များနဲ့ အတူ မနက်စောစော နယ်စပ်တနေရာကနေ စတင်ထွက်ခွာလိုက်ကြပါတယ်။ မိုးက ရွာနေဆဲပါ။ လုံခြုံရေးအတွက် စောကွထူး တို့ အဖွဲ့က တာဝန်ယူပါတယ်။ ပဲချဲ့ ရွာနားအရောက်မှာ ဗိုလ်ဆာဘလယ်ထူး တို့ အဖွဲ့က ဟောင်သရောချောင်း (ကျရာကလိုး )အထိ တာဝန်ယူပေးပါတယ်။ ဟောင်သရောချောင်းကို လှော်လှေနဲ့ဖြတ်ကူးပါတယ်။ ချောင်းရဲ့ တဖက်ကမ်းမှာတော့ ဗိုလ်ကြီးကာဘိုင် (KNDO)တပ်ရင်း (၆)အဖွဲ့က အဆင်သင့်စောင့်ကြိုနေပါတယ်။ ဗိုလ်ကြီးကာဘိုင်က ကျနော်တို့ သွားမဲ့လမ်းတလျှောက် သူ့ရဲ့တပ်များဖြန့်ကျက်ထားတာကို တွေ့ရပါတယ်။ ကျနော်တို့ ရောက်တဲ့အခါ KNDO ရဲဘော်လေးများဟာ လက်တဖက်က AK ဒင်ခေါက် သေနတ်ကို ကိုင်ပြီး ကျောက်ဂူထဲကတဆင့်ကျောက်တုံးများအပေါ် ခုန်တက်ပြီး ထွက်လာကြတာကို တွေ့ရပါတယ်။ တချို့လည်းဆံပင်ရှည်တွေနဲ့မို့ တာဇံ ဇာတ်ကားကို ပြန်ပြီးသတိရစေပါတယ်။ မိုးရာသီဖြစ်တာကြောင့် ချောင်းတချို့လည်း တောင်ကျရေများ စီးဆင်းနေတာကြောင့် ခက်ခက်ခဲခဲ ဖြတ်ကျော်ရတဲ့ အခါများလည်း ကြုံရပါတယ်။

မွန်းလွဲပိုင်းကို ရောက်တဲ့အခါ မဲ့တခလက် ရွာကို ရောက်ပါတယ်။ ရွာရဲ့ထိပ်ဖက်ပိုင်းမှာရန်သူများ တပ်စွဲထားတယ်လို့ သိရပါတယ်။ အဲဒီမှာ ဗိုလ်ကြီးဂျူးလယ်အဖွဲ့က ကြိုနေပါတယ်။ ဗိုလ်ကြီးဂျူးလယ်က သူဝယ်ထားတဲ့ ၀က်သားထဲက ကျနော်တို့ကို ခွဲဝေပေးပါတယ်။ ကျနော်တို့ ချက်ပြုတ်နေစဉ်မှာဘဲ ဗိုလ်ကြီးကျော်ပယ် ရောက်လာပါတယ်။ ဗိုလ်ကြီးကျော်ပယ် က ရှေ့ဆက်သွားရမဲ့ခရီးကို ဦးဆောင်မှာဖြစ်ပါတယ်။ ချက်ပြုတ်ပြီးတဲ့ အခါ ခတ်သုတ်သုတ်လေး စားလိုက်ကြပြီးနောက် ခရီးဆက်ထွက်ကြပါတယ်။ ရှေ့ဆက်သွားရမဲ့ ခရီးမှာ ရန်သူစခန်းနဲ့ ရန်သူစစ်ကြောင်းများ ပိုရှိနေတာကြောင့် စုရပ်ကို မရောက်သေးခင် သတင်းပေါက်ကြားမှု မရှိစေဖို့ ရန်သူစခန်းနဲ့ စစ်ကြောင်းများကို ရှောင်ကွင်းပြီး သွားကြရပါတယ်။ တဖြေးဖြေးနဲ့ မိုးချုပ်စပြုလာပါပြီ။ မိုးက သဲနေဆဲပါ။ ကောင်း

ကင် တခွင်လုံး အုံ့ဆိုင်းပြီး ရွာနေတာကြောင့် ညက ပိုပြီး မှောင်မဲနေသလို ဖြစ်နေပါတယ်။ လက်နှိပ်ဓါတ်မီး ယူလာကြပေမဲ့ သိပ်လိုအပ်မှသာ ခပ်အုပ်အုပ်လေး ထိုးရပါတယ်။ လျှပ်စီးလက်တာကို အခွင့်ကောင်းယူပြီး ရှေ့ကို ကြိုကြည့်ထားရပါတယ်။ တခါတရံ လမ်းကျဉ်းလေး ဖြစ်ပြီး တဖက်က ချောက်ကမ်းပါးနက်ကြီး ရှိပါတယ်။ တခါတရံ ရင်ခေါင်းနီးပါးရှိတဲ့ ရေထဲမှာ ၁၅/၂၀ မိနစ်နီးပါးအထိ မှောင်မဲကြီးထဲ ဖြတ်လျှောက်ကြရပါတယ်။ အဲဒီလိုအခါမျိုးမှာ သေနတ်၊ ကျောပိုးအိပ်၊ ဆန်ကြိုးတို့ကို ခေါင်းပေါ်ရွက်ကြပြီးသွားရပါတယ်။ အသံလုံခြုံမှုရှိရေးကိုလည်း ဂရုစိုက်ရပါတယ်။ ဒီလိုနဲ့ ညအမှောင်ထဲ တညလုံးနီးပါး လမ်းလျှောက်လာခဲ့ကြတာ မိုးလင်းခါနီးရောက်မှ ဗိုလ်မှူးတင်လှိုင် စောင့်ကြိုနေတဲ့ နေရာကို ရောက်ပါတယ်။ ဗိုလ်မှူးတင်လှိုင် တို့ ကလည်း ကျနော်တို့အတွက် ထမင်းနဲ့ ဟင်းကို အဆင်သင့် ချက်ထားပေးပါပြီ။ တညလုံးနီးပါး လမ်းလျှောက်ထားခဲ့ရတာကြောင့် ကျနော်တို့တတွေ အတော့ကို ပင်ပန်းနွမ်းလျ ဖြစ်နေကြပါတယ်။ ထမင်းမစားခင် ဗိုလ်မှူးတင်လှိုင် က ထမင်းမြိန်ဆေး တခွက်စီ ပေးလိုက်တော့မှဘဲ ပြန်လည်လန်းဆန်း သွားရပါတယ်။ ထမင်းစားပြီးတဲ့နောက် ထမင်းဆိပ်တက်ပြီး အိပ်ငိုက်ရုံသာရှိပါသေးတယ်၊ ခရီးဆက်ထွက်ဖို့ ဗိုလ်မှူးတင်လှိုင် က ပြောလိုက်ပါတယ်။ ဝေလီဝေလင်းချိန်မှာတော့ ဇမိချောင်း (တမေ့ကလိုး)ကို လှော်လှေနဲ့ ဖြတ်ကူးလိုက်ကြပါတော့တယ်။

ပုံမှန် အခြေအနေမျိုးမှာ မဲ့တခလက် ရွာနဲ့ ဇမိချောင်း (တမေ့ကလိုး) အကွာအဝေးဟာခြေလျင်နဲ့ (၃)နာရီ ပတ်ဝန်းကျင်လောက်သာ လျှောက်ရပေမဲ့ အခုတော့ ရန်သူက လမ်းမပေါ် လျှောက်ရတဲ့အလှည့် ကျနော်တို့က ချုံတိုးရတဲ့ အလှည့် ဖြစ်တာကြောင့် တညလုံး နီးပါး လျှောက်ရတာပါ။

ချောင်းတဖက်ကမ်းကို ရောက်တဲ့အခါ လုံခြုံမှုရှိတဲ့ တနေရာမှာ အနားယူ အိပ်စက်ကြပါတယ်။ အိပ်ယာက ထပြီးနောက် ဗိုလ်မှူးတင်လှိုင်က ကျနော်တို့ရဲ့ ကြားဖြတ်စက်ကနေဖမ်းယူ ရရှိထားတဲ့ ကြေးနန်းတစောင်ကို ထုတ်ပြပါတယ်။ ကြေးနန်းထဲမှာ “ခရိုင်က ဇော်နောင်နဲ့ အဖွဲ့ ဆင်းလာတယ်” ဆိုတဲ့ အကြောင်းပါဘဲ။ ဒီကြေးနန်းကို ကြည့်ပြီး ကျနော်တို့ရဲ့ သတင်း ဘယ်လို စပေါက်ကြားသွားသလဲဆိုတာ ပြန်စဉ်းစားကြည့်တော့ ကျနော်တို့မထွက်ခင် လူစုတဲ့ အချိန်က ဖြစ်နိုင်သလို ဒါမှမဟုတ် မဲ့တခလက် ရွာအဝင်မှာလည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

ကျနော်တို့ရဲ့သတင်းက ရန်သူဆီ ပေါက်ကြားသွားပြီဖြစ်တာကြောင့် ရန်သူများက ကျနော်တို့ကို ခြေရာခံ လိုက်နေပါပြီ။ ဒါကြောင့် ဗိုလ်မှူးတင်လှိုင်က ပိုပြီး လုံခြုံမဲ့ တနေရာဆီကို ရွှေ့လိုက်ပါတယ်။ အဲဒီနေမှာ ကျနော်တို့ တပတ်လောက် ငြိမ်ပြီး နေကြပါတယ်။အဲဒါကြောင့် ရန်သူလည်း ခြေရာခံ မရတော့ဘဲ မျက်ခြေပြတ်သွားတဲ့ ပုံ ပေါ်ပါတယ်။ကျနော်တို့ မရောက်ခင် ကထဲက ဗိုလ်မှူးတင်လှိုင် တို့က ပျောက်ကြားတိုက်ပွဲများ ဖေါ်ထုတ်နေကြပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလျဉ်းသင့်လို့ ဖေါ်ပြလိုတာက သူမုဟဲ တို့ အဖွဲ့လက်နက်ချ အညံ့ခံလိုက်ကြပြီးတဲ့နောက် သုမူဟဲနဲ့ အတူ ပါမသွားတဲ့ မိမိတို့ တပ်ဖွဲ့များ အတွင်း ရိုက်ခတ်မှုများ ရှိသွားပါတယ်။ ခေါင်းဆောင်မှု ကင်းမဲ့သလို ဖြစ်သွားတာကြောင့် တဖွဲ့နဲ့ တဖွဲ့ ယုံကြည်စိတ်ချမှုတွေ ကင်းမဲ့သွားကြပြီး တဖက်က ရန်သူကို အာရုံစိုက်ရ

သလို တဖက်ကလည်း ကိုယ့်အချင်းချင်းကို ပြန်ပြီး အာရုံစိုက်နေရပါတယ်။ ဒါကြောင့်နေ့ရောညပါ၊ သေနတ်မောင်းတင်ပြီး နေရတဲ့ အဖြစ်မျိုးပါ။ ဒီအချိန်မှာလည်း ရန်သူကဘယ်သူဘယ်ဝါတော့ဖြင့် လက်နက်ချသွားပြီဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေလည်း လုပ်နေပါတယ်။ ဒီအခြေအနေတွေ ပြန်လည် ထိမ်းသိမ်းနိုင်ဖို့အတွက် ဗိုလ်မှူးတင်လှိုင် ကမကထ ပြုပြီး (၄၇)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ကို အောင်ဝိ ဘေးမဲ့ တောရပ်ကျောင်းအရပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခန်းအနားမှာ ဗိုလ်ကြီးကျော်ပယ်၊ ဗိုလ်ကြီးဂျူးလယ်၊ ဗိုလ်ကြီးသန်းတင်အောင် တို့ အဖွဲ့များ တက်ရောက်လာကြပါတယ်။ ဒီအခြေအနေကို အခွင့် ကောင်းယူပြီး သူတို့တတွေ ရှေ့လုပ်ငန်းအတွက် ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ချက် ချမှတ် နိုင်ခဲ့ကြတာကြောင့် တော်လှန်ခုခံတဲ့ ပျောက်ကြားစစ်ပွဲကို ပြန် လည်ဖေါ်ထုတ်နိုင်ကြောင်း သိရပါတယ်။

ဗမာစစ်တပ်များ ရှင်းသွားပြီဖြစ်တာကြောင့် ကျနော်တို့ရဲ့ လုပ်ငန်း အစီအစဉ်များ စတင်လိုက်ကြပါတော့တယ်။ မကြာခင်မှာဘဲ ကိုစိုးဟန်၊ ကိုမောင်မောင်ငြိမ်း တို့ အဖွဲ့များ ရောက်လာကြပါတယ်။ မဟာမိတ်တပ်သား တချို့ကို ကျနော်တို့ရဲ့ ပျောက်ကြားတပ်ဖွဲ့များနဲ့ ပူးပေါင်းပေးပြီး တိုက်ပွဲတွေမှာ ပါ၀င်စေပါတယ်။ တခါတရံ ကျနော်က မဟာမိတ် အဖွဲ့များနဲ့ ပူးတွဲလှုပ်ရှားပြီး၊ တခါတရံ မိမိတို့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ လုပ်ငန်းများကိုတော့သီးခြား ဆောင်ရွက်ပါတယ်။ အဲဒီကာလမှာ ထိလွယ်၊ ရှလွယ်တာ ဖြစ်တာကြောင့် အထူးသဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များ စည်းကမ်း လိုက်နာမှုကောင်းဖို့၊ လူထုဆန့်ကျင်မှု မရှိဖို့၊ လူထုရဲ့ စိုက်ပျိုးသီးနှံများကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရဘဲ မခူးစားဖို့၊ လူထုရဲ့အခက်အခဲများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးဖို့ စတဲ့ မိမိတို့ အဖွဲ့အစည်းတွင်း ပညာပေးမှုများ ပြုလုပ်ပါတယ်။

ကျနော်တို့ ပျောက်ကြားတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် ရန်သူဟာ အတော်ကို စိတ်ညစ်စိတ်ဆိုးဖြစ်နေပါတယ်။ ကျနော်တို့ရဲ့ ပျောက်ကြားတပ်ဖွဲ့များက “ပစ်, ပျောက်, ပြန်ပြီးပစ်,ပျောက်” စနစ်ကို ကျင့်သုံးတာကြောင့် ရန်သူဟာ ပစ်မှတ် (Target) ရှာမရ ဖြစ်ပြီး ကျနော်တို့ တပ်ဖွဲ့များ မရှိတော့မှ လက်နက်ကြီးနဲ့ စိတ်ထင်ရာလျှောက်ပစ်ကာ ဆဲဆိုပြီး ကျန်ခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ ပျောက်ကြားရဲဘော်များဟာ တိုက်ရဲ၊ သေရဲ၊ အနိုင်ယူရဲတယ် ဆိုတဲ့ ရဲ သုံးရဲ နဲ့ ပြည့်စုံတဲ့ တော်လှန်တဲ့ မျိုးချစ် သူရဲကောင်းများ ဖြစ်ကြသလို ဆင်းရဲ ပင်ပန်း၊ အနစ်နာခံရဲ သူများ လည်းဖြစ်ကြပါတယ်။ ဒါ့အပြင် တော်လှန် မှန်ကန်တဲ့ ခေါင်းဆောင်မှု အောက်မှာ လိုက်ပါမှု ကောင်းသူများလည်း ဖြစ်ကြပါတယ်။ ဒီလိုနဲ့ အောင်ပွဲများလည်း ဆက်တိုက်ရလာကြပါတယ်။

စစ်ရေး အစီအစဉ် တခုလုံးကိုတော့ ဗိုလ်မှူးတင်လှိုင် က အဓိက ဦးဆောင်မှု အခန်းကနေတာဝန်ယူပါတယ်။ ဗိုလ်မှူးတင်လှိုင်ရဲ့ စစ်နည်းဗျူဟာက ရန်သူနဲ့ အနီးကပ်လှုပ်ရှားတာကို တွေ့ရပါတယ်။ တခါတရံ ရန်သူက ရွာရဲ့ ထိပ်ပိုင်းမှာရှိနေရင် ကျနော်တို့က ရွာရဲ့အောက်ပိုင်း မှာပါ။ တခါတရံ ရန်သူနဲ့ ကျနော်တို့က ချောင်းတဖက်ကမ်းစီ မှာပါ။ တခါတရံ တည အတွင်း နှစ်နေရာ သုံးနေရာ ရွှေ့ပြောင်းတတ်ပါတယ်။

ဗိုလ်‌စောပါ ဦးဆောင်တဲ့ ရန်သူ သတင်း ကြားဖြတ် ဖမ်းယူတဲ့ အဖွဲ့နဲ့ မြေပြင် သတင်းပေး အဖွဲ့များကလည်း အချိန်မှီ ရန်သူ သတင်းကို ပို့ပေးနိုင်တာကြောင့် ရန်သူများကို အထိနာအောင် တိုက်နိုင်ကြပါတယ်။ ဒီကြားထဲ အောင်ကြည်ဝင်း ခေါင်းဆောင်တဲ့ DKBA အဖွဲ့ကလည်း ကျနော်တို့ တပ်ဖွဲ့များကို လိုက်လံချောင်းမြောင်းပစ်ခတ်တာကြောင့် ကျနော်တို့ရဲ့ တပ်မှူး တဦး ကျသွားရပါသေးတယ်။

ရန်သူများ အထိနာလာတာကြောင့် လူထုများအပေါ် ပိုပြီး ဖိနှိပ်လာပါတယ်။ ရွာတရွာကိုကျနော်ရောက်တဲ့အခါ ရွာသားတဦးက “ငါ့တူ၊ ဗမာစစ်တပ်တွေ ရွာထဲမှာဘဲ ရှိရှိ၊ ရွာပြင်မှာဘဲရှိရှိ၊ ပစ်ပါ။ ဒီကောင်တွေ သိပ်သောင်းကျန်းတယ်”လို့ ကရင်လိုပြောပါတယ်။ ကျနော်တို့ရဲ့ တပ်ဖွဲ့များ ကတော့ ရွာထဲမှာ တိုက်ပွဲ မဖြစ်အောင် အထူးသတိထား ရှောင်ရှားပါတယ်။ ဒါပေမဲ့ အိမ်တိုင်း ကျင်းတူး ထားဖို့ကိုတော့ အသိပေးထားပါတယ်။ မိမိတို့ရဲ့ပျောက်ကြား တိုက်ပွဲများ ကြောင့်ရယ်၊ ရန်သူတပ်အတွင်း ကြီးနိုင် ငယ်ညှင်း ဆက်ဆံမှုကြောင့်ရယ် နဲ့ ငှက်ဖျားဒဏ် တို့ကြောင့် တနေ့တခြား ရန်သူ တပ်ပြေးများ ပိုများလာပါ

တယ်။ ကျနော်တို့ဆီကို တယောက် ကနေစပြီး နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ၊ လေးငါးယောက် တတွဲ လက်နက် လာချကြပါတယ်။ လက်နက်ချလာတဲ့ ဗမာစစ်သားများကို လူ့တန်ဘိုးနဲ့ အညီ ကောင်းမွန်စွာ ဆက်ဆံကြပါတယ်။ ငါးယောက် အတွဲကို ဦးဆောင်ပြီး လာရောက်လက်နက်ချတဲ့ တပ်ကြပ်ကြီးက “သူတို့ရဲ့အထက်အရာရှိတွေက KNU ဟာ အကြွင်းအကျန်ဘဲ ရှိတော့တယ်၊ မင်းတို့ ကြောက်စရာမလိုဘူး” လို့ ပြောကြောင်း၊ ဒါပေမဲ့ သူ စက်ဖွင့်လိုက်တဲ့အခါ သူတို့ ပတ်လည်မှာ KNU စက်အလုံး တရာကျော်လောက် ရှိတာကို သိရကြောင်း၊ ဒါကြောင့် အထက်ခေါင်းဆောင်တွေအပေါ် အယုံအကြည် မရှိဖြစ်ပြီး လာရောက်လက်နက်ချကြောင်း” ကျနော်တို့ကို ပြောပြပါတယ်။

ကျနော်တို့လည်း လက်နက်ချလာတဲ့ ဗမာစစ်သားတွေကို စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် သူတို့ရဲ့ ဆန္ဒကို မေးမြန်းပါတယ်။ တချို့က မိမိတို့ ဒေသကို ပြန်မရဲတဲ့ အကြောင်း ပြောပါတယ်။ အဲဒီ ကာလမှာ ကျနော်တို့လည်း သူတို့ကို ကိုယ့်အနားမှာ ထားလို့ မဖြစ်သေးတာကြောင့် ထိုင်းနိုင်ငံဘက်မှာ သွား ရောက် အလုပ်လုပ်နိုင်ဖို့အတွက် ကိုစိုးဟန်နဲ့ ကိုမောင်မောင်ငြိမ်း တို့ဆီ အပ်လိုက်ပါတယ်။ ကိုယ့်ဒေသကို ပြန်ရဲတဲ့ သူများကိုတော့ မြို့စပ်အထိ လိုက်ပို့ပေးပါတယ်။

လက်နက်လာချတဲ့ ဗမာစစ်သားများကို သူတို့ ယူလာတဲ့ လက်နက်အပေါ် မူတည်ပြီး ဆုကြေးငွေ သဘော ထုတ်ပေးတဲ့ အပြင် ခရီးစရိတ်များလည်း ထုတ်ပေးပါတယ်။ လက်နက်ချ ဗမာစစ်သားများ ထဲမှ ထူးခြားတဲ့ ရဲဘော်တယောက် ကတော့ သူ့ အထက်အရာရှိက နှိပ်စက်တာကို မခံနိုင်တဲ့အပြင် ငှက်ဖျားလည်း မိနေတာကြောင့် ထွက်ပြေးလာတာ ဖြစ်ပြီး သူ့ရဲ့ ရွာနာမည်နဲ့ အနီးအနား ရွာနာမည်လောက်သာ ပြောတတ်ပြီး မြို့နာမည်ကို မပြောနိုင်ပါဘူး။ ရွာတရွာကို အလည်သွားရင်း အဖမ်းခံရပြီး စစ်တပ်ထဲ ရောက်သွားတယ် လို့ ပြောပါတယ်။ စာ မတတ်ရှာပါဘူး။ ဘယ်အရပ်ကို ပြန်ရမှန်းလည်း သူမပြောတတ်ပါဘူး။ ဧရာဝတီတိုင်းဘက် ကလို့ ထင်ပါတယ်။ သူ့ကိုတော့ ထိုင်းနိုင်ငံဘက် သွားမဲ့ အဖွဲ့ထဲကို ထည့်ပေးလိုက်ပါတယ်။

၁၉၉၉ ခုနှစ်ထဲ ရောက်လာပါပြီ။ ရန်သူများ လမ်းမပေါ် မလျှောက်ရဲတော့ဘဲ ချုံတိုး ရပြီးကျနော်တို့က လမ်းမပေါ် ပြန်လျှောက် နိုင်ကြပါပြီ။ နယ်မြေ ပြန်လည် ထိန်းချုပ်နိုင်မှုလည်း သုမူဟဲ လက်နက်မချခင်က အခြေအနေမျိုးကို ပြန်ရောက် လာပါပြီ။

ပဒိုလိလေး နဲ့ ကျနော် ဆက်သွယ်မှု ပုံမှန်ရှိတာကြောင့် သူ့ဘက်က အခြေအနေကိုလည်းသိခွင့်ရပါတယ်။ သုမူဟဲရဲ့ လှည့်စားကွက်ထဲ အငိုက်မိပြီး ပါသွားခဲ့ကြတဲ့ တပ်မှူး၊ တပ်သား တချို့နဲ့ ကော့ကရိတ်မြို့နယ် ကော်မတီတချို့ ထွက်ပြေး လွတ်မြောက်လာကြပြီးနောက် သူတို့ အဖွဲ့များနဲ့ ပြန်လည်ပူးပေါင်းပြီး တိုက်ပွဲ ၀င်နေကြကြောင်း၊ သူတို့ဘက်ကလည်း နယ်မြေများကို ပြန်လည် ထိန်းချုပ်လာနိုင်ကြောင်း သိရပါတယ်။၁၉၉၉ ခုနှစ် အတွင်းမှာ ၉၉၉၉ လှုပ်ရှားမှု အစီအစဉ်ရှိပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ မဟာမိတ်များက အဓိက ဦးဆောင်တာ ဖြစ်ပါတယ်။ ရက်တိုသင်တန်းပြုလုပ်ခြင်း၊ လိုအပ်တဲ့ဆက်သွယ်မှုများ ပြုလုပ်ခြင်း စသဖြင့် ပြင်ဆင်မှုများပြုလုပ်ကြပါတယ်။ လိုအပ်တဲ့ ဆက်သွယ်မှု ပြုလုပ်နိုင်ဖို့ ဗိုလ်မောင်ရွှေ၊ ဆရာကျော်ကြီးနဲ့ ကျနော် တောင်ညိုတောင် အနောက်ဖက်ခြမ်းကို သွားပါတယ်။ ဒါပေမဲ့ ၉၉၉၉ လှုပ်ရှားမှုဟာ အောင်မြင်မှု မရရှိခဲ့ပါဘူး။

၁၉၉၉ ခုနှစ် နှောင်းပိုင်းကို ရောက်တဲ့အခါ လက်လွှတ်ခဲ့ရတဲ့ နယ်မြေများကို ပြန်လည်ထိန်းချုပ် လာနိုင်ပြီ ဖြစ်တာကြောင့် အထူးအစည်းအဝေး တရပ်ကို ထိုင်းနိုင်ငံ တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်ကြသူများကတော့ KNU ဌာနချုပ်မှ ဗိုလ်ချုပ်ရွှေဆိုင်း၊ ပဒိုမန်းငြိမ်းမောင်၊ တပ်မဟာမှ ဗိုလ်ချုပ်မူတူးစေးဖိုး၊ ဗိုလ်မှူးလားကပေါ်၊ဗိုလ်ကြီးရစ်ချတ်၊ ဗိုလ်ကြီးဖါးခေါ့နဲ့ တပ်မှူးတချို့၊ ခရိုင်မှ ခရိုင်ဥက္ကဌ ဖူးတာအယ်၊ ပဒိုလိလေးနဲ့ကျနော် တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေး ရဲ့ ရည်ရွယ်ချက်ကတော့ တပ်ရင်းနဲ့ မြို့နယ်များကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ တပ်မဟာရဲ့ ဦးဆောင်မှု အောက်မှာတပ်ရင်း (၃)ရင်း ဖွဲ့စည်းဖို့ သဘောတူကြပါတယ်။ တပ်ရင်း ၁၆/၁၇/၁၈ တို့ ဖြစ်ပါတယ်။

တပ်ရင်း (၁၆)တပ်ရင်းမှူး ဗိုလ်မှူးဂျိုးဆွာ၊ ဒု-ရင်းမှူး ဗိုလ်မှူးတင်လှိုင်၊ တပ်ရင်း (၁၇)တပ်ရင်းမှူး ဗိုလ်မှူးဖါးခေါ့၊ ဒု-ရင်းမှူး ဗိုလ်မှူးသန်းတင်အောင်၊ တပ်ရင်း (၁၈) တပ်ရင်းမှူး ဗိုလ်မှူးကြည်လင်း၊ ဒု-ရင်းမှူး ဗိုလ်မှူးကြည်ဝင်း တို့ကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။ မြို့နယ်များကိုတော့ ယခင်ရှိထားခဲ့တဲ့ (၄)မြို့နယ် အတိုင်း ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ ကျုံဒိုး မြို့နယ် ဥက္ကဌ ပဒိုမန်းကောင်းမြတ်၊ ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒိုရွှေလင်း၊ ကြာအင်းမြို့နယ် ဥက္ကဌ ပဒိုဖေါဒေး၊ ၀င်းရေးမြို့နယ် ဥက္ကဌ ပဒိုဆာဖေါ တို့ကို ရွေးချယ် ခန့်အပ်လိုက်ကြပါတယ်။ ခရိုင်အတွင်းရေးမှူး အဖြစ် ပဒိုလိလေး၊ ခရိုင် တွဲဘက် အတွင်းရေးမှူး အဖြစ် ကျနော့ကို တာဝန်ဆက်ပေးလိုက်ကြပါတယ်။

အဲဒီအချိန်ကစပြီး နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီရဲ့ တာဝန် ပြီးဆုံးသွားပါပြီ။

– အဲဒီ ကာလမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားတဲ့ ဗိုလ်ကြီးကျော်

ပယ်၊ ဗိုလ်ပိန့်ကုန်းနဲ့တကွ ကျဆုံးသွားတဲ့ ရဲဘော်များကို ဒီကိုယ်တွေ့မှတ်တမ်း

အားဖြင့် အလေးပြုလိုက်ပါတယ်။

– ဒီ ကိုယ်တွေ့ မှတ်တမ်းမှာ လုပ်ဖေါ်ကိုင်ဖက် အားလုံးရဲ့ အမည်များ

ထည့်သွင်းနိုင်ခြင်း မရှိတာကို ခွင့်လွတ်ပေးပါရန်။

ရဲဘော်ဇော်နောင်

၃/၅/၂၀၁၉

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect