လွန်ခဲ့သော နှစ်ပေါင်းများစွာက တောင်ငူနယ် “သောသီခို” (ခေါ်) နတ်တောင်၏ တောင်စောင်း၌ အသက်ကြီးသော အဘိုးအိုတစ်ယောက်ရှိသည်။ ၎င်းအဘိုးအိုအား “ထော့မဲပါ” ဟူ၍ ခေါ်ဝေါ်လေသည်။ “ထော့မဲပါ” ၏ အဓိပ္ပာယ်မှာ ဝက်စွယ်၏အဖြေ (ဝါ) ဝက်စွယ်၏အရှင် ဖြစ်သည်။

ထိုအဘိုးအို၏သားသမီးများလုပ်ကိုင်သော တောင်ယာတို့ကိုအလွန်ကြီးမားသော တောဝက်တစ်ကောင် သည် အစဉ်ဖျက်ဆီး၏။ ၎င်းတောဝက်ကြီး၏ ဖျက်ဆီးမှုကို မခံနိုင်ကြသော်လည်း ဝက်ကြီး၏ ကြီးမားမှုကြောင့် မည်သူမျှ မသတ်ဝံ့ချေ။ ထိုအဘိုးအိုသည် ဝက်ကြီး၏ဖျက်ဆီးမှုကြောင့် မိမိသားသမီးများ ဒုက္ခရောက်ရမည်ကို စိုးရိမ်သဖြင့် ထိုဝက်ကြီးကို ထွက်၍သတ်လေ၏။ ထိုဝက်ကြီးကို သတ်ရာတွင် အလွန်မောပန်းသဖြင့် အဘိုးအို သည် ဝက်သေကောင်ကို အိမ်သို့ ယူမလာနိုင်တော့ချေ။ အိမ်သို့ရောက်သောအခါ သားသမက်များအား ဝက်သေ ကောင်ကိုယူရန် စေလွှတ်လိုက်၏။ သို့သော် သားသမက်များသည် သွေးကွက်များနှင့် မြက်သစ်ပင်များ ကျိုးလဲ နေသောနေရာကိုသာ မြင်၏။ ဝက်သေကောင်ကို မတွေ့သဖြင့် အိမ်သို့ပြန်လာပြီး ဝက် မသတ်နိုင်ဘဲ ဝါကြွား ကြောင်း အဘိုးအိုအား ကဲ့ရဲ့ လေရာ အဘိုးအိုလည်း ဒေါသထွက်ပြီး ဒေါသထွက်ပြီး မင်းတို့ ဝက်သတ်ဖို့ ဝေးစွ။ သတ်ပြီးသော အသေကောင်ကိုမျှ ယူမလာနိုင်ကြောင်းဖြင့် ပြောလေသည်။

ထိုအငြင်းအခုံကို ငြိမ်းစေရန် ဝက်သေကောင်ကို ထားခဲ့သောနေရာသို့ သွားကြလေရာ ဝက်သေကောင် မရှိတော့ကြောင်း တွေ့ရလေသည်။ သို့သော် ထိုနေရာ၏ ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေရာ ဝက်သေကောင် ကို မတွေ့ဘဲ ဝက်စွယ်တစ်ခုသာ တွေ့ရလေသည်။ ၎င်းဝက်စွယ်၏ တစ်မျက်နှာမှာနီ၍ အခြားတစ်မျက်နှာမှာ ဖြူပြီး ကျန်တစ်မျက်နှာမှာ ပြာသောအရောင်ရှိ၏။ အဘိုးအိုသည် တောဝက်စွယ်ကို အိမ်သို့ယူလာပြီး ဘီး ပြုလုပ်လေသည်။ ထိုဘီးကို စ၍အသုံးပြုသည်နှင့်တစ်ပြိုင်နက် သူသည် ငယ်ရွယ်စဉ်အရွယ်သို့ ပြန်ရောက်လေ သည်။ ကံကောင်းထောက်မ၍ ဘီးကို အသုံးပြုရာတွင် သားသမီးများရှေ့တွင် အသုံးပြုမိသဖြင့် သားသမီးများ မိမိအား မှတ်မိကြလေသည်။ အကယ်၍သာ သားသမီးများမျက်ကွယ်မှာ ထိုဝက်စွယ်ကို အသုံးပြုခဲ့ပါမူ သူတို့ မှတ်မိလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤဝက်စွယ်၏ တန်ခိုးကြောင့် အဘိုးအိုသည် နုပျိုလာ လေသည်။ ဤဝက်စွယ်ကို မကြာခဏ အသုံးပြုခြင်းကြောင့် ထော့မဲပါ၏ သားသမီးများသည် ဘေးဥပါဒ်အန္တရာယ် ရောဂါဘယအပေါင်းမှလွတ်ကင်း၍ လျင်မြန်စွာ လူဦးရေတိုးပွားလာလေသည်။

ဤကဲ့သို့ များလာကြသဖြင့် ထော့မဲပါ၏ သားသမီးများသည် တောင်ငူ တောင်ပေါ်တွင်သာမက ယခု တောင်ငူမြို့ တည်ရာမြေပြင်တွင် ရှေးအခါက ရွာကြီးလောက်ပင် ရှိပေလိမ့်မည်။ ထိုရွာထဲမှာပင် ဝင်ရောက် နေထိုင်ကြလေသည်။ လယ်ယာမြေများလည်း သားသမီးများပွားလာသောကြောင့် လုံလောက်စွာမရှိတော့ သဖြင့် ထော့မဲပါသည် သားသမီးများ လုပ်ကိုင်စားသောက်ရန်အတွက် မြေဩဇာကောင်းသောအရပ်ကို ထွက်ရှာလေသည်။

ထော့မဲပါပြောသည်မှာ သူသည် အိုခြင်း၊ နာခြင်းများကို အောင်မြင်သော်လည်း ပင်ပန်းစွာ အလုပ်များကို လုပ်ကိုင်ခြင်းမှာ မအောင်မြင်သေးချေ။ သူသည် ရောက်သွားသောနယ်များ၏ မြေဩဇာများကို ဤကဲ့သို့ စမ်းသပ်ကြည့်၏။ သူသည် တွင်းများကိုတူးပြီး တွင်းတစ်တွင်းမှရရှိသော မြေဇာကို အခြားတွင်းများ၌ ထည့်လျှင် တွင်းပေါင်းမည်မျှ ပြည့်နိုင်သည်ကို ကြည့်၏။

မဲခေါင်မြစ်၏ ဘယ်ဘက်တွင်ရှိသော မြေကြီးများသည် အကျယ်အဝန်းညီသော တွင်း(၄)တွင်းကိုပြည့်စေနိုင်သည်။ ဤမြေဩဇာနှင့် စိတ်မကျေနပ်ဘဲ မြစ်ကိုဖြတ်ကူးပြီး မြေဩဇာ စမ်းသပ်ကြည့်ရာ ညီမျှသော တွင်း(၇)တွင်းကို ပြည့်စေကြောင်း တွေ့ရသောအခါ သူသည် ကျေနပ်အားရဖြစ်ပြီး သားသမီးများအားခေါ်ရန် ပြန်သွားလေသည်။

အဘိုးအို၏ သားသမီးများအားလုံးလိုက်လာကြ၍ မြစ်ကမ်းနားသို့ရောက်သောအခါ ဆာမွတ်ကြလေသည်။ တစ်ယောက်ယောက်သောသူက ခရုကို စားကောင်းသည်ဟု ပြောသောအခါ သူတို့သည် ခရုများကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ချဉ်ပေါင်ရွက်ဖြင့်ရော ပြုတ်လေ၏။ အချိန်နာရီပေါင်းများစွာ ပြုတ်ပြီး ထိုခရုများ၏ အခွံကို စမ်းသပ်ကြည့်ရာ မာနေသေးသဖြင့် ခရုများ မကျက်သေးကြောင်း ယူဆကြသည်။ အချို့လည်း ချဉ်ပေါင် ၏ နီသောအရည်ကိုတွေ့ရလျှင် ခရုများ၏သွေးဟု အောက်မေ့ကြပြီး ခရုများ မကျက်သေးဟု ယူဆကြပြီး တစ်ဖန် ထပ်ပြုတ်ကြပြန်သည်။

အဘိုးအိုလည်း မစောင့်နိုင်တော့ဘဲ ခရီးဆက်သွားရန် ပြောသော်လည်း သူ၏ သားသမီးများက အစာ စားပြီးမှ ခရီးဆက်သွားနိုင်မည်ဟု ပြောသောအခါ ထော့မဲပါက ခရီးဆက်သွားနှင့်ပြီး မိမိသွားမည့်လမ်းကို မှတ်မိစေရန် သစ်မြစ်များကို ခုတ်လှဲခဲ့မည်ဟု မှာကြားခဲ့ပြီး ခရီးဆက်သွားလေသည်။ ကျန်ရစ်သော သမီးများသည် ခရုကို အတန်ကြာပြုတ်ပြီး တရုတ်လူမျိုးအချို့ နှင့် တွေ့ဆုံသောအခါမှ ၎င်းတို့အား ခရုစားရန် နည်းပေး ပြောပြလေသည်။

သူတို့သည် ထိုခရုများကို စားသောက်ကြပြီး အဘိုးအို၏ နောက်သို့ လိုက် လေသည်။ သို့သော် လမ်း၌ ထော့မဲပါ ခုတ်လှဲထားသော တောငှက်ပျောပင်များသည် (၇)လက်မ (၈)လက်မ အထိ အစို့ထွက်လာသည်ကို တွေ့မြင်ရသောအခါ ထော့မဲပါသည် ခရီးအတော်ဝေးဝေး ရောက်နေပြီဟု ယူဆကြ၍ ထော့မဲပါနောက်သို့ ဆက် မလိုက်ကြဘဲ မိမိတို့၏ နေရင်းဌာန တောင်ငူသို့ ပြန်ကြလေသည်။

ဤထူးဆန်းသော ဘီးနှင့် ထော့မဲပါ ကွယ်ပျောက်သွားသည့်နေ့ကစ၍ ထော့မဲပါ၏သားသမီး ကရင် လူမျိုးများသည် ယခင်ကကဲ့သို့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဘေးမှ မလွတ်မြောက်ကြတော့ချေ။ တစ်နေ့ကျလျှင် ထော့မဲပါသည် မိမိ၏ သားသမီးအားလုံးကို စုရုံးစေပြီး နံရိုး (၇) တောင်နှင့် ခြေဖဝါး (၇) ဆုပ်ရှိ ဝက်ကြီး၏အသား ကို ကျွေးလိမ့်မည်။ ထော့မဲပါ၏သားသမီးများသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံခဲ့သော် တစ်ဦးစကားကိုတစ်ဦး နားလည်ကြမည် မဟုတ်ချေ။ တစ်ဦးစကားကို တစ်ဦးသင်ကြားရပေလိမ့်မည်ဟု တစ်ဆင့်စကားတစ်ဆင့်ကြားဖြင့် ကရင်လူမျိုးများသည် မိမိတို့အဘိုးထော့မဲပါ လာလတ္တံ့သောအချိန်အခါကိုသာ စောင့်မျှော်မှန်းဆနေကြကုန်၏။ 

(မောင်စင်ကြယ်၏ “ကရင့်ဘဝဓလေ့”စာအုပ်မှ “ဝက်စွယ်ရှင် ပုံပြင်”)

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect