ရှေးအခါက သောသီဟုခေါ်သော တောင်တန်းတစ်ခုအပေါ်တွင် ဖူးမော်တော်ဟုခေါ်သော အဘိုးအို တစ်ဦး နေထိုင်လေသည်။ ထိုအဘိုးအိုတွင် သားသမီး ၇ ဦး ထွန်းကားခဲ့ပြီး ၎င်းတို့မှာ ဖူးစကယ် (ခ) ဖူးစခေကလို၊ ဖူးစခဲး (ခ) ဖူးထော့မဲပါ၊ ဖူးစလသရာ၊ ဖူးထောပလိုဖော၊ နော်တွယ်၊ နော်အဲနာနု နှင့် ဖူးကတို (ခ) ဖူးတဒါးတို့ ဖြစ်ကြသည်။

ဖူးမော်တော်သည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေထိုင်သည်။ တစ်ခုသော မိုးတွင်းကာလတွင် ဖူးမော်တော်၏ယာခင်းထဲသို့ တောဝက်တစ်အုပ် ဝင်ရောက်ဖျက်ဆီးနေလေသည်။ ထိုအခါ ဖူးမော်တော်သည် လွန်စွာစိတ်ဆိုးသွားပြီး တောဝက်များကိုသတ်ရန်လိုက်လေရာ နောက်ဆုံးတွင် တောဝက် အသိုက်ကို တွေ့ရလေသည်။ ထို့နောက် ဖူးမော်တော်သည် ထိုတောဝက်အား ထိုးသတ်လိုက်ပြီး အိမ်ရှိ ၎င်း၏ သားသမီးများအား ဝက်အသေကောင်ကို သယ်ဆောင်လာခဲ့ရန် ပြောလေသည်။ ဖူးမော်တော်၏ သားသမီး များသည် ၎င်းတို့ ဖခင်ညွှန်ပြရာနေရာသို့ ရောက်သောအခါ ဝက်သေကောင်ကို မတွေ့ဘဲ ဖြစ်နေလေသည်။ နောက်ဆုံးတွင် ဖူးမော်တော်ကိုယ်တိုင်လာမှ ၎င်းဝက်သေကောင်တွင် ဘော်ငွေရောင်ကဲ့သို့ ဖြူဖွေး တောက်ပ နေသော အစွယ်တစ်ချောင်းနှင့် ရွှေကဲ့သို့ ဝင်းလက်တောက်ပသော အစွယ်တစ်ချောင်းကို တွေ့ရှိရလေသည်။

နောက်ပိုင်းတွင် ထိုနေရာ၌ တောဝက်များ နှောင့်ယှက်လွန်းအားကြီးသောကြောင့် ဖူးမော်တော်အနေဖြင့် သောသီခိုအရပ်မှထွက်ခွာ၍ အရှေ့အရပ်ရှိ နေရာအသစ်တစ်နေရာ၌ သွားရောက်နေထိုင်လေ၏။ ထိုနေရာ အသစ်၌လည်း တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်ပြန်လေသည်။ သို့သော် ထိုနေရာ ၌လည်း မျောက်များက နှစ်စဉ်နှစ်တိုင်း ယာခင်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးမှုများနှင့် တွေ့ကြုံရ ပြန်လေသည်။

စပါးရိတ်သိမ်းပြီး ကျီအတွင်း စုသိမ်းသောအခါ မျောက်များသာမက “ဖူးထောနာသရဲ”၏ သားသမီး များသည်လည်း ကျီအတွင်းရှိ စပါးများအား လာရောက်စားသောက်ကြလေသည်။ ဖူးထောနာသရဲသည် ဖူးမော် တော်နှင့် အိမ်နီးနားချင်းတစ်ယောက်ဖြစ်ပြီး ဖားစည်သွန်းလုပ်တတ်သောသူတစ်ဦး ဖြစ်သည်။ ဖူးထောနာသရဲ နှင့် သူ၏အိမ်သူအိမ်သားများအားလုံးသည် မျောက်များကဲ့သို့ အမြီးများပါရှိသောကြောင့် အချို့သောသူများက ဖူးမော်တော်သည် ဖားစည်ကို မျောက်များထံမှရရှိသည်ဟု ပြောလေ့ရှိကြသည်။

တစ်နေ့သောအခါ ဖူးမော်တော်သည် စပါးကျီအတွင်း သွားရောက်ကြည့်ရှုရာ စပါးများလျော့နေသည် သာမက စပါးပုံပေါ်တွင် လူကဲ့သို့သော ခြေရာများကိုပါ တွေ့ရှိရလေသည်။ စပါးလာခိုးသောသူများအား ဖမ်းဆီးရန် ဖူးမော်တော်သည် အကြံအစည်တစ်ခုထုတ်လေ၏။

နောက်နေ့တွင် ပိုးတုံးလုံးကောင်တစ်ကောင်အား နှစ်ပိုင်းဖြတ်ကာ နှာခေါင်းဝတွင် တေ့ထားပြီး လူသေ ဟန်ဆောင်၍ စပါးပုံထက်တွင် လှဲအိပ်နေလေသည်။ နေလုံးသည် ထန်းတစ်ဖျားခန့် အမြင့်ရှိသောအခါ သူ့ထံသို့ ဦးတည်လာနေသော လူရိုင်းတစ်အုပ်ကို တွေ့ရှိရလေသည်။ ထိုလူများသည် ဖူးမော်တော်အား အနီးကပ် ကြည့်ရှုကြပြီးနောက် ပိုးထိ၍သေဆုံးသည်ဟု ယူဆကြလေ၏။ ထိုအခါ အချင်းချင်းတိုင်ပင်လျက် ၎င်းတို့ နေရပ်သို့ သယ်ဆောင်သွားရန် ဆုံးဖြတ်ပြီးလျှင် ငိုချင်း၊ တေးကဗျာတို့အပြင် စည်များတီးခတ်၍ အသုဘအခမ်းအနား ပြုလုပ်ပေးရန် ဆောင်ယူသွားလေသည်။

၎င်းတို့၏နေရပ်ဖြစ်သော ကျောက်ကုတင်သို့ရောက်သောအခါ ဖူးထောနာသရဲက သူ၏လူများအား ကလိုဘောခေါ်ဖော၊ ဂေါ်ကလိုထူး၊ ဂေါ်ကလိုစေး တို့ကို အစီအရီ ချထားစေပြီး ၎င်း၏နေရာ၌ထိုင်ပြီး ဤသို့ ရွတ်ဆိုလေ၏။

မြန်မာလိုအသံထွက်အားဖြင့် – ထုထော်ကလိုခဲလယ်ခဲဆေး အိုတေကလိုဝါးပေါ့ကူးစေး

မြန်မာလိုအဓိပ္ပာယ်အားဖြင့် – ဖားစည်အားလုံးကိုယူဆောင်လာပြီးသော်လည်း ကလိုဝါးပေါ့ကူးစေး ဟုခေါ်သော ဖားစည်ကျန်ရှိသေးကြောင်း လင်္ကာအားဖြင့် ရွတ်ဆိုခြင်း ဖြစ်သည်။ ထိုအခါ ဖူးမော်တော်သည် ဖူးထောနာသရဲ၌ ဖားစည်လေးလုံး ရှိကြောင်း သိရှိသွားပြီး ထိုဖားစည်များအား မည်သို့မည်ပုံအရယူရမည်ဟူ၍ ကြိတ်၍ကြံစည်လေ၏။ ဖူးထောနာသရဲ၏သားသမီးများက ကလိုဝါးပေါ့ကူးစေး ဟုခေါ်သော အဖြူရောင် ဖားစည်အား ဆောင်ယူလာကြစဉ်တွင် ကျောက်နံရံများနှင့် ထိခိုက်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် ထို အဖြူရောင် ငွေဖားစည်သည် လွန်စွာကြီးမားလှသောကြောင့်ဖြစ်သည်။ အဖြူရောင်ဖားစည် ရောက်လာသော အခါ ငိုချင်းအားအောက်ပါအတိုင်း ကျူးဧကြလေသည်။

မြန်မာလိုအသံထွက်အားဖြင့် – လဲ့အော်ဖူးမော်တော်အဘူး ဖူးမော်တော်သံသဒါပု စီစကော့ဝါဟူးဝါဟူး စာဝု … စာ… စာ..ဝု

မြန်မာလိုအဓိပ္ပာယ်အားဖြင့် – ဖူးမော်တော်စပါးကို ဒို့သွားစားတယ်။ ဖူးမော်တော်မှာ သေဆုံးနှင့်ပြီ ဖြစ်သည်။ ဟိုမှသည် ခုန်ဆွခုန်ဆွသွားသည် ဟူ၍ ဖြစ်လေသည်။ ညနေပိုင်းအချိန် ရောက်သောအခါ အမျိုးသမီး၊ အမျိုးသားများအားလုံး တေးသီချင်း၊ ကဗျာလင်္ကာများအားဖြင့် ကျူးဧကြလေသည်။ ၎င်းတို့အထဲမှ နော်ဝါးမို အမည်ရှိ အမျိုးသမီးတစ်ဦးက သူမ၏ ကာယအလှနှင့်ပတ်သက်၍ သူမ၏အလှနှင့် အမြီးရှည်ပုံတို့ကို ကဗျာ လင်္ကာအားဖြင့် သီကျူးစဉ် ဖူးထော်နာသရဲမှ စင်ပေါ်သို့တက်လာပြီး သူမနှင့် ကဗျာလင်္ကာအား အောက်ပါ အတိုင်း အပြိုင်သီကျူးလေ၏။

မြန်မာလိုအသံထွက်အားဖြင့် – နော်ဝါးမိုစိသားမယ်ထော စိအမယ်ထော၊ ယမယ်ထော

မြန်မာလိုအဓိပ္ပာယ်အားဖြင့် − နော်ဝါးမိုက သူမ၏အမြီးရှည်လှပုံနှင့်ပတ်သက်၍ အငြင်းပွားလေ၏။ ထို့ကြောင့် ဖူးထောနာသရဲကလည်း သူ၏တစ်ထွာသာသာခန့်ရှိသော အမြီးကို ပွတ်သပ်ကိုင်တွယ်၍ တစ်တောင်ခန့် အရှည်ရှိပုံကို ကဗျာလင်္ကာအားဖြင့်သီကျူးလေရာ ကြိတ်၍နားထောင်နေသူ ဖူးမော်တော်မှာ ရယ်ချင်စိတ်ကို အောင့်အီးခြင်းငှာ မတတ်သာတော့သဖြင့် “မင်းတို့ ဘာတွေလုပ်နေကြတာလဲ” ဟုဆိုလေရာ လူသေ စကား ပြောသည်ကို မြင်သည်အထင်နှင့် ကြောက်လန့်တကြားဖြင့် အားလုံး ထွက်ပြေးကြလေ၏။

ဖူးမော်တော်က “ဤအရပ်၊ ဤဒေသကို အုပ်စိုးသော သင်တို့၏အရှင်သခင်၊ သင်တို့၏ ခေါင်းဆောင် မည်သူနည်း။ ထွက်လာလော့” ဟုဆိုလေသည်။

ထိုအခါ ဖူးထောနာသရဲက လူအုပ်ကြားမှထွက်လာ၍ နူးညံ့ချိုသာသောစကားအားဖြင့် “ဤအရပ်၊ ဤဒေသကို အုပ်စိုးသော ရှင်သခင်၊ ခေါင်းဆောင်မှာ ကျွန်ုပ်ပင် ဖြစ်ချေသည်။ အသင် ပြောစရာများရှိပါက ပြော ပါလော့” ဟူ၍ဆိုလေသည်။ ဖူးမော်တော်က “သင်တို့သည် ငါ့ဆန်စပါးတို့ကို နှစ်စဉ်နှစ်တိုင်း လာရောက်ယူငင် စားသောက်ကြ၏။ ယခုမူကား သင်တို့သည် ငါ့အား လူသေကောင်ကဲ့သို့ သဘောထားကာ ပြုမူကြလေသည် တကား။ ဤသို့ပြုမူခြင်းငှာ သင့်လျော်ပါ၏လော” ဟု မေးလေသည်။

ထိုအခါ ဖူးထောနာသရဲက“ခွင့်လွှတ်ပါမိတ်ဆွေ။ သွေးမကောင်းတော့ ဆံပင်ဖြူသလို၊ သားသမီး မကောင်းတော့ မိဘခေါင်း၊ ကျွန် မကောင်းတော့ သခင့်ခေါင်းဖြစ်ပေသမို့၊ သင့်အား မည်သို့မည်ပုံမပြောလို တော့ပါ” ဟုပြန်ပြောလေသည်။ ဖူးထောနာသရဲ၏ ပြန်ပြောချက်ကိုကြားရသောအခါ ဖူးမော်တော်က “ရှေးယခင် ကတည်းက ထုံးစံရှိသည်အတိုင်း၊ လူသေကောင်အနီးတွင် ထားရှိသောအရာမှန်သမျှတို့သည် ထိုလူသေနှင့် သက်ဆိုင်သည်ဟု မှတ်ယူသကဲ့သို့၊ ယခုမူကား ငါ့အား လူသေကဲ့သို့မှတ်ယူ၍ ငါ၏အနီး၌ထားရှိသော ဖားစည် ၄ လုံးနှင့်တကွ အခြားသော အရာဝတ္တုပစ္စည်းအားလုံးတို့အား ငါပိုင်သည်” ဟုဆိုလေ၏။

နောက်ဆုံးတွင်ဖူးထောနာသရဲအနေဖြင့် ပြောစရာစကားတို့ မရှိပြီဖြစ်ရကား “ကောင်းပြီ။ ဆိုခဲမြဲစေ ဆိုသည့်အတိုင်း၊ ဖားစည်လေးလုံးနှင့်တကွ အနီးအဝန်းရှိပစ္စည်းအစုစုတို့သည် မိတ်ဆွေနှင့်သာ သက်ဆိုင်ပါ သည်။” ဟုပြောဆိုပြီး သူ၏တပည့်သားမြေးတို့အား ဖားစည် ၄ လုံးနှင့်တကွ၊ ပစ္စည်းအစုစုတို့အား ဖူးမော်တော် နေရာအရပ်သို့ သွားရောက်ပို့ဆောင်စေလေသည်။ သားသမီးတို့ပြုလုပ်သော ထိုဖြစ်ရပ်ကြောင့် ဖူးထောနာ သရဲမှာ များစွာအရှက်ရသွားပြီး ကော်မူယူ (ယခုအခေါ် – ထိုင်းနိုင်ငံအတွင်းရှိ မယ်စရီးယန်းအရပ်) သို့ သွား ရောက်နေထိုင်၍ ဖားစည်သွန်းလုပ်ခြင်းအတတ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလေသည်။ ထိုအရပ်တွင် သွန်း လုပ်သော ဖားစည်များတွင် ရုပ်ပုံများထည့်သွင်း၍ သူ၏သားသမီးများ အားသွန်သင်ဆုံးမမှု ပြုလေသည်။

ဖူးထောနာသရဲနှင့်ပတ်သက်၍ဖူးတောအူး ရေးသားသော “ကရင့်ဖားစည်များအကြောင်း လေ့လာခြင်း” အမည်ရှိစာအုပ်တွင် ဖူးထောနာသရဲနှင့် သူ၏အိမ်သူအိမ်သားများသည် မျောက်များကဲ့သို့အမြီးရှိခြင်းကို လိုလားကြသဖြင့် ယခုလီဆူးနှင့် လီရှောလူမျိုးများ ပိတ်စဖြင့်အမြီးပြုလုပ်သကဲ့သို့ ပိတ်စဖြင့် အမြီးပြုလုပ်သော အလေ့အထများရှိလာခဲ့သည်ဟု ဖော်ပြပါရှိလေသည်။ ထိုအကြောင်းအရာကို ကဗျာလင်္ကာအားဖြင့် –

မြန်မာလိုအသံထွက်အားဖြင့် – ကလိုပိုဒိုလေးယူအော်ကေး မေလော့မာလေးယူအဘိုး ယူကစာလယ်ဟော်လယ်ဟေ့ ဟူ၍လည်း ဆိုထားပါသည်။

ဂေါ်ကဝေါစေး၊ ဂေါ်ကဝေါထူး၊ ဂေါ်ဘောခေါ်ဖောနှင့် အဖြူရောင်ဖားစည်များအကြောင်း ပြောသောအခါတွင် ထိုဖားစည်များကို ဖူးမော်တော်သည် ဖူးထောနာသရဲ (မျောက်များ)ထံမှရရှိခဲ့သည်ဟု ဆိုလေ့ရှိကြသည်။

ထို့အတူ ရစ်ချက်အမ်ကိုလာ၏ စာအုပ်အတွင်းရှိ၊ ဖူးတောအူး ရေးသားသော အကြောင်းအရာကို ပြန်လည်ဖော်ပြရာတွင် ဖားစည်သည် မျောက်များနှင့် မပတ်သက်ပေ။ သို့သော် အဝတ်အထည်များတွင် ချည်စချည်ထည်များဖြင့် အမွေးအမျှင်များ ဆင်ယင်တတ်သော တောင်ပေါ်လူမျိုးတစ်မျိုးဖြစ်ပြီး “အမြီးကဲ့သို့သော အဆင်အယင်များ” ပါရှိကြောင်း၊ သို့သော် ယခုခေတ် လီဆူးလူးမျိုးများ ဝတ်ဆင်လေ့ရှိသော ရိုးရာအဝတ်အဆင်မျိုးလည်း မဟုတ် ကြောင်း ဖော်ပြပါရှိသည်။

(Drum Publication Group ၏ “ဖားစည်နှင့် ကရင်လူမျိုး”စာအုပ်မှ အခန်း ၂-၂ “ဖူးမော်တော်ပုံပြင်”)

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect