ကရင်လူမျိုးများသည် ယူနန်နယ်မှ မြန်မာပြည်နှင့် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်သို့ဝင်ရောက်ခဲ့ကြသော ခရစ်နှစ် ၈ ရာစုခန့်ကတည်းကပင် ဖားစည်ကို စတင်အသုံးပြုခဲ့ကြပြီးဖြစ်သည်။ ရစ်ချက် အမ် ကိုလာ (Richard M. Cooler) ရေးသားသောစာအုပ်ထဲတွင် ဖားစည်အကြောင်းနှင့် ဖားစည်၏မူလဇစ်မြစ်ကိုဖော်ပြရာ တွင် ဖားစည်ကို ၄ မျိုး ခွဲခြားထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ ဟက်ဂါ (Heger Group) အုပ်စု – ၁၊ ၂၊ ၃၊ ၄ တို့ ဖြစ်သည်။ ဟက်ဂါ- ၁ အုပ်စုဝင်ဖားစည်ကို ဖရန့်ဟက်ဂါ (Franz Heger) က ဗီယက်နမ်နိုင်ငံတွင် ရှာဖွေတွေ့ရှိ ခဲ့ပြီး ၎င်းသည် မှိုပွင့်သဏ္ဌာန်ရှိသည်။ ခေတ်ကာလကြာညောင်းလာသည်နှင့်အမျှ ဖားစည်ယဉ်ကျေးမှုသည်လည်း အရှေ့တောင်အာရှနိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိခဲ့ရာ နောက်ပိုင်းတွင် ကရင်လူမျိုးများသည် ၎င်းတို့ကိုယ်တိုင် အသုံးပြုသွန်းလုပ်ခြင်းအားဖြင့် ကရင့်ဖားစည်ပုံစံ သီးသန့်ဖြစ်တည်လာခဲ့သည်။ ၎င်းကို ဖရန့်ဟက်ဂါ (Franz Heger)က “ဟက်ဂါ – ၃” အုပ်စုဝင်ဖားစည်အဖြစ် ထည့်သွင်းဖော်ပြထားသည်။

ကရင့်ဖားစည်အကြောင်း ရေးသားဖော်ပြသူများက ကရင်လူမျိုးများသည် ဖားစည်ကိုအသုံးပြုလာခဲ့ သည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀) ခန့်ကတည်းက ဖြစ်ကြောင်း ဖော်ပြကြသည်။ ထို့အပြင် ရစ်ချက် အမ် ကို လာနှင့် အနောက်တိုင်းသုတေသီအချို့ က ဖားစည်ကို ကရင်လူမျိုးများ အသုံးပြုသော်ငြားလည်း တကယ်တမ်း ပြုလုပ်သွန်းလုပ်သူများမှာ ရှမ်းလူမျိုးများဖြစ်သည်ဟု ဆိုကြသည်။ အခြားအဆိုပြုချက်တစ်ရပ်မှာ ရှေးကရင် ကဗျာလင်္ကာများအရ ကရင်လူမျိုးများသည် မဲခေါင်မြစ်ဖျားခံရာဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စကပင် ဖားစည်သွန်းလုပ်ခြင်းအတတ်ပါလာပြီးဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ကရင်လူမျိုးများသည် ရှေးဘိုးဘွားဘီဘင်ခေတ်ကတည်းက စတင်၍ယနေ့ မျက်မှောက်ကာလတိုင် ဖားစည်ကို ရိုးရာ အမွေအနှစ်ပစ္စည်းအဖြစ် အသုံးပြုနေကြပြီဖြစ်သည်။

၁၈၆၈ ခုနှစ်တွင် ဒေါက်တာမေဆင်က ဖားစည် (Drum) ကို “ကြေးစည်”ဟု ဘာသာပြန်ဆိုမှုပြုခဲ့ သည်။ ၎င်းက ဆက်လက်၍ ကရင်လူမျိုးများသည် “ကြေးစည်” ကို ရှမ်းလူမျိုးများထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် “ကြေးစည်”ကို အမျိုးအစား (၁ဝ) မျိုး ခွဲခြားထားကြောင်း ဖော်ပြခဲ့သည်။ ကရင်လူမျိုးများသည် “ကြေးစည်” ကို ၎င်း၏အသံသာယာမှုအပေါ်မူတည်၍ တန်ဖိုးသတ်မှတ် ဆုံးဖြတ်ကြသည်။ အသံသာယာမှုအပေါ် မူတည်၍ ဖားစည်၏တန်ဖိုးမှာ (၁ဝဝ) ရူပီးမှ (၁၀၀၀) ရူပီးအထိ ရှိသည်ဟု ဆိုသည်။ နောက်ဆုံးအနေဖြင့် ၎င်းက “ကရင် လူမျိုးတွေဟာ ကြေးစည်ကို လက်ဝယ်ပိုင်ဆိုင်သူကို ငွေကြေးကြွယ်ဝ ချမ်းသာသူအဖြစ် သတ်မှတ်ကြပြီး၊ ကြေးစည်ကို လက်ဝယ်ပိုင်ဆိုင်မှုမရှိပါက ကြွယ်ဝချမ်းသာသူဟူ၍ မသတ်မှတ်ကြချေ။ ထို့ကြောင့် ငွေကြေးကြွယ်ဝ ချမ်းသာသူများအနေဖြင့် ကြေးစည်ကိုကြိုးစား၍ ဝယ်ယူလေ့ရှိကြသည်။ ကြေးစည်များစွာ ပိုင်ဆိုင်မှုရှိသော ကျေးရွာနှင့် ကြေးစည် ပိုင်ဆိုင်မှုမရှိသော ကျေးရွာများကြား ပိုင်ဆိုင်ရယူလိုမှုအတွက် အပြန်အလှန် တိုက်ခိုက်မှု များပင် ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။”

ဖရန့်ဟက်ဂါက ကရင်လူမျိုးအချို့က ကရင်လူမျိုးများသည် ဖားစည်ကို “ယူ”လူမျိုးများထံမှ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကရင်လူမျိုးများပြောသော “ယူ”လူမျိုးသည် ရှေးအခါက ယူနန်နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသော ဂျွန်(Jung) သို့မဟုတ် ယွမ်(Yung) လူမျိုးများ ဖြစ်ဟန်ရှိသည်။ ဤအချင်းအရာတို့ကို ထောက်ရှုခြင်းအားဖြင့် ဖားစည်၏မူလဇစ်မြစ် သို့မဟုတ် ယူနန်နယ်၌ ဖားစည်ကိုအသုံးပြုခဲ့ကြပြီး ကရင့်ဘိုးဘေးများသည် ယူနန်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ရာ လမ်းကြောင်းကို ဖော်ပြနေသည်။

အထက်ပါအကြောင်းအရာတို့မှာ ဖရန့်ဟက်ဂါနှင့် အခြားသော သုတေသီတို့၏ ဖားစည်၏မူလဇစ်မြစ် နှင့် သက်ဆိုင်သော သဘောထားအမြင်တို့ပင် ဖြစ်သည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “ဖားစည်သွန်းလုပ်ရာနေရာမှာ အမြောက်အများ ရှိနိုင်သော်လည်း ကယားပြည်နယ်၊ နွေဒေါင်(ငွေတောင်)မြို့ က ပန်းဘဲဖိုတစ်ခုတည်းသာ မှတ်တမ်းဝင်ပါတယ်။ ကျန်တာတွေ ရှာမရသေးပါ။ ကရင်ဖားစည်လို့ဆိုပေမဲ့ တကယ်တမ်းဖန်တီးသူ လက်မှုပညာရှင်တွေဟာ ရှမ်းတွေ ဖြစ်ပါတယ်။ ၁၈၂ဝ ဝန်းကျင်လောက်ကစပြီး ရှမ်းလက်မှုပညာရှင်တွေဟာ နွေဒေါင် (ငွေတောင်) မြို့မှာ လာရောက်အခြေစိုက်နေထိုင်ကာ ဖားစည်သွန်းလုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ တစ်မြို့လုံး မီးလောင်ပြာကျသွားတဲ့ ၁၈၈၉ ခုနှစ် အထိ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ခရစ်နှစ် ၂ – ၃ ရာစုလောက်ကတည်းက စတင်သွန်းလုပ်သုံးစွဲနေပြီဖြစ်ပါတယ်။ ၎င်းကို(ဗီယက်နမ်ဖားစည်) ဒေါင်ဆောင်းလို့ လူသိများကြပါတယ်။” ဟုဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ဖားစည်သည် ကရင့်အမျိုးသားအလံတော်ထက်တွင် ငွားငွားစွင့်စွင့် နေရာယူ ထားလျက်ရှိသကဲ့သို့ ကရင်အမျိုးသားများသည်လည်း ဖားစည်အား ၎င်းတို့၏ ဘိုးဘွားမိဘ အမွေအနှစ်ပစ္စည်း အဖြစ်လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လျက်နေကြပေသည်။ ဖားစည်နှင့်ကရင်၊ ကရင်နှင့် ဖားစည်သည် လည်း ခွဲခြား၍မရစကောင်းသောအရာအဖြစ်သို့ ရောက်ရှိပြီး ဖြစ်ပေသည်။

(Drum Publication Group ၏ “ဖားစည်နှင့် ကရင်လူမျိုး”စာအုပ်မှ အခန်း ၂-၁ “ကရင်လူမျိုးများပြောဆိုသော ဖားစည်၏ မူလဇစ်မြစ်”)

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect