ကရင်လူမျိုးအားလုံးတို့သည် ‘ထီးဆဲ့မက်ရွာ´ သို့မဟုတ် ‘ထီဆေမေ့ရွာ’ အကြောင်းကို မကြားဖူးသူ မရှိသလောက်ပင် ဖြစ်၏။ ရှေးအချိန်က မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသ (မဲခေါင်မြစ်ဖျား) ဖြစ်သော ထီးဆဲ့မက် ရွာမှ ဆင်းသက်လာကြကြောင်း ပြောဆိုကြပါသည်။ ရှေးပဝေသဏီအချိန်ကတည်းကပင် ကရင်လူမျိုးတို့သည် ‘ထား’ ကဗျာလင်္ကာများကို ဝါသနာထုံခဲ့ကြသည်။ မိမိတို့၏စာပေအရေးအသား မပေါ်ပေါက်သေးမီ အချိန်၌ ကဗျာလင်္ကာအားဖြင့်သာ သက်ကြီးစကား သက်ငယ်ကြားဆိုသည့်အတိုင်း သားစဉ်မြေးဆက်တို့အား ကရင် လူမျိုးတို့၏ ရှေးဟောင်းအဖြစ်အပျက်တို့ကို နှုတ်တိုက်အာဂုံဆောင် မှတ်သားစေခဲ့ကြသည်။ ထိုကဗျာလင်္ကာ များအားဖြင့် ကရင်လူမျိုးတို့၏ ရှေးဟောင်းအဖြစ်အပျက်များကို သိရှိရခြင်း ဖြစ်ပါသည်။
ကဗျာလင်္ကာများတွင် ကရင်လူမျိုးတို့သည် တစ်ချိန်က နေထိုင်ခဲ့ကြသောဒေသသည် ထီးဆဲ့မက်ရွာ ဖြစ်ကြောင်း ပါရှိပါသည်။ ထီးဆဲ့မက်ရွာ၏အဓိပ္ပာယ်မှာ ‘သဲစီးသောချောင်း’ သို့မဟုတ် ‘ရေထိုးသဲစီး´ ဟူသော အဓိပ္ပာယ်ရှိပါသည်။ ထိုကဲ့သို့ခေါ်ဆိုရခြင်းသည် အလွန်ကျယ်ပြန့်သော သဲကန္တာရကြီးအား မြစ်ချောင်းများ ဖြတ်ကျော်စီးဆင်းရာတွင် ရေနှင့်သဲများ ရောပါစီးဆင်းသွားခြင်းကြောင့် ဖြစ်သည်။
ရှေးလူကြီးတို့၏ထားခဲ့သော ကဗျာလင်္ကာများအရ ထီးဆဲ့မက်ရွာဒေသသို့ သွားလျှင် ရှေးဦးစွာ ‘ထီးဆဲ့မက်ဘော’ အရပ်ဒေသကို ရောက်ရှိမည်ဖြစ်ပြီး ခုနစ်စဉ်ကြယ်၏ အောက်တည့်တည့်သို့ရောက်လျှင် ထီးဆဲ့မက်ရွာ ဟုခေါ်သော သာယာဝပြောသည့်ဒေသသို့ ရောက်မည်ဖြစ်ကြောင်း ပါရှိ၏။ ထီးဆဲ့မက်ဘော၏ အဓိပ္ပာယ်မှာ ‘ရေထိုးသဲဝါ’ဟူ၍ဖြစ်ပေရာ တရုတ်ပြည် မြောက်ဘက်ရှိ ဝှမ်ဟိုမြစ် (ဝါ) မြစ်ဝါမြစ် တည်ရှိရာဒေသ တစ်နေရာရာတွင် ဖြစ်ချေမည်။ မြစ်ဝါမြစ်မှ သဲနုန်းများသည် အဝါရောင်ရှိသဖြင့် ထီးဆဲ့မက်ဘော ဟု ခေါ်ဝေါ် ထားခြင်းသာ ဖြစ်သည်။
ထီးဆဲ့မက်ရွာ အဆိုနှင့်ပတ်သက်၍ ရှေးယခင်က သုတေသီအချို့ တို့သည် စူးစမ်းရှာဖွေမှု ပြုခဲ့ကြပါသည်။ သုတေသီများက ထီးဆဲ့မက်ရွာဒေသသည် တရုတ်ပြည်မြောက်ဘက်ရှိ `ဂိုဘိ’ သဲကန္တာရရှိရာ ဒေသများ၌ ဖြစ်တန်ရာသည်ဟု တင်ပြအဆိုပြုကြ၏။ ယန်စီမြစ်သည် ထီးဆဲ့မက်ရွာနှင့် တိဗက်ကုန်းပြင်မြင့်ဒေသ မှ မြစ်ဖျားခံလျက် တရုတ်ပြည်ကြီးကို ဖြတ်ကျော်စီးဆင်းကာ ပစိဖိတ်သမုဒ္ဒရာတွင်းသို့ စီးဝင်၏။ တရုတ်လူမျိုး တို့က ယန်စီမြစ်သည် ကရင်လူမျိုးနေထိုင်ရာဒေသမှ မြစ်ဖျားခံစီးဆင်းလာကြောင်း သိရှိကြသဖြင့် ယန်စီမြစ် သို့မဟုတ် ကရင်မြစ်ဟူ၍ ခေါ်ဆိုကြခြင်း ဖြစ်သည်ဟူ၏။
ကရင်လူမျိုးတို့၏ ရှေးဟောင်း ‘ထား’ကဗျာလင်္ကာများအရသော်လည်းကောင်း၊ ရှေးကရင်လူကြီးတို့၏ ပြောဆိုခဲ့သော အကြောင်းအရာများအရသော်လည်းကောင်း ထီးဆဲ့မက်ရွာနှင့်ပတ်သက်သော အကြောင်းအရာ များသည် ဒဏ္ဍာရီဆန်သည်ဟုဆိုစေကာမူ ကျိုးကြောင်းဆက်သွယ်မှုများရှိနေကြောင်း တွေ့ရှိရပါသည်။ ရှေး ကဗျာလင်္ကာများနှင့် ရှေးဟောင်းပုံပြင်များအရ တစ်ချိန်က ထီးဆဲ့မက်ရွာ ဟူသော ရေထိုးသဲစီးဒေသသည် သာယာဝပြောသော နိုင်ငံတစ်ခုဖြစ်၍ အုပ်ချုပ်သူခေါင်းဆောင်ပုဂ္ဂိုလ်မှာ ‘ထော့မဲပါ´ ဖြစ်ကြောင်း ပါရှိပါသည်။
ကမ္ဘာမြေပထဝီ၏ ပြောင်းလဲဖြစ်တည်မှုကြောင့်သော်လည်းကောင်း၊ လူမျိုးများ အုပ်စုလိုက် ရွှေ့ ပြောင်း နေထိုင်ကြခြင်းကြောင့်သော်လည်းကောင်း နှစ်ပေါင်းမြောက်များစွာ လွန်လာခဲ့ပြီးဖြစ်ရာ ထီးဆဲ့မက်ရွာသည် မည်သည့်နေရာဒေသဖြစ်ကြောင်းပြောဆိုရန် မလွယ်ကူတော့ချေ။ ထီးဆဲ့မက်ရွာဒေသတွင် ယခုကရင်လူမျိုးများ ရှိကြပါသေးသလား ဟူသော မေးခွန်းကိုမေးလျှင် တိတိကျကျ ဖြေဆိုနိုင်မည့်သူများမှာ ယူနန်နိုင်ငံ၌ နေထိုင် ကြသော တရုတ်လူမျိုးများနှင့် တရုတ်ပြည်မြောက်ပိုင်းဒေသများတွင် နေထိုင်ကြသူများသာ ဖြစ်ချေမည်။ တရုတ် ပြည်တောင်ပိုင်းတွင် နေထိုင်သော တရုတ်လူမျိုးများသည် ဤမေးခွန်းကို ဖြေဆိုနိုင်ကြမည်မဟုတ်ပေ။ ယခုတိုင် ကရင်လူမျိုးအနွယ်ဝင်အချို့ တို့သည် တရုတ်ပြည်မြောက်ပိုင်းတွင် ရှိလိမ့်ဦးမည်ဟု ယူဆရ၏။
မြန်မာစွယ်စုံကျမ်းကြီးတွင် ကရင်တို့၏အကြောင်းနှင့်ပတ်သက်၍ ရေးသားဖော်ပြချက်အရ ကရင်လူမျိုး များ ပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံသို့ရောက်ရှိလာပုံတို့ကို ကရင်တို့၏ရှေးဟောင်းဒဏ္ဍာရီကလွဲ၍ အခြားတိကျ သော အထောက်အထားများ မရှိသေးကြောင်း၊ ကရင်တို့၏ ရှေးမူရင်းဒေသမှာ တိဗက်မြန်မာအစုဝင်တို့၏ မူရင်း ဒေသပင် ဖြစ်ဟန်တူကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှနေ၍ သံလွင်မြစ်ကြောင်းအတိုင်း အောက်အရပ်သို့ တရွေ့ရွေ့ တဖြည်းဖြည်း ဝင်ရောက်ခဲ့ကြဟန်တူကြောင်း မြန်မာနိုင်ငံတွင်းသို့ အချိန်များစွာပို၍ မစောစေကာမူ ကရင်တို့ သည် မြန်မာတို့ထက် ဦးစွာရောက်ရှိသူများဖြစ်ကြောင်း ဖော်ပြချက်များကို တွေ့ရှိရပါသည်။
မည်သို့ပင်ဆိုစေ ကရင်လူမျိုးတို့သည် ထီးဆဲ့မက်ရွာအကြောင်းကို ‘ထား’ ကဗျာလင်္ကာအားဖြင့် ဖွဲ့ဆို သီကုံးလာခဲ့ကြသည့်အတိုင်း မိမိတို့၏နှလုံးသား စိတ်အာရုံထဲမှ အရိပ်ပမာ အမြဲထင်ဟပ်နေမည်သာဖြစ် သည်။ မြန်မာနိုင်ငံ၏ မြောက်ဘက်အရပ်ဒေသများမှနေ၍ စီးဆင်းလာခဲ့ကြသည့်အလျောက် မြန်မာနိုင်ငံတွင်း သို့ ရောက်ရှိပျံ့နှံ့ပုံကို လေ့လာကြည့်မည်ဆိုပါက ပိုးကရင်အနွယ်ဝင်အုပ်စုတို့သည် စကောကရင်အနွယ်ဝင် အုပ်စုထက်စော၍ ဝင်ရောက်လာသူများဖြစ်လိမ့်မည်ဟု မှန်းဆရပါသည်။
ထီးဆဲ့မက်ရွာနှင့် ဆက်စပ်၍လေ့လာရမည့် အချက်တစ်ချက်မှာ ကရင်လူမျိုးတို့သည် မြန်မာပြည်တွင်း သို့ မပြောင်းရွှေ့လာမီအချိန်က မြောက်ဘက်အရပ်ရှိ နိုင်ငံများသည် ကရင်လူမျိုးကို သိရှိခဲ့ရခြင်း ရှိမရှိ၊ သိရှိ ခဲ့ပါမူ ကရင်လူမျိုးကို မည်ကဲ့သို့ ခေါ်ဝေါ်ခဲ့ကြပုံများကို ဆက်လက်လေ့လာရဦးမည် ဖြစ်ပါသည်။ ရှေးသမိုင်း သုတေသီများသည် တရုတ်သမိုင်းဆိုင်ရာ စာအုပ်များကို ကိုးကား၍ ထီးဆဲ့မက်ရွာသည် တရုတ်ပြည် မြောက် ဘက် ဒေသရှိ ‘ဂိုဘိ’ သဲကန္တာရ တစ်နေရာရာတွင် ဖြစ်လိမ့်မည်ဟု ရော်ရမ်းတွက်ဆခဲ့ကြသည်။ ယန်စီမြစ်သည် လည်း ဖော်ပြပါထီးဆဲ့မက်ရွာနှင့် တိဗက်ကုန်းပြင်မြင့်ဒေသမှ မြစ်ဖျားခံလျက် တရုတ်ပြည်ကြီးကို ဖြတ်စီးသဖြင့် တရုတ်တို့က ၎င်းမြစ်သည် ကရင်လူမျိုးတို့၏နေရာဒေသမှ မြစ်ဖျားခံ၍ စီးဆင်းကြောင်း သိရှိကြသဖြင့် ယန်စီမြစ် (ဝါ) ကရင်မြစ်ဟု ခေါ်ဆိုကြသည်ဟု အဆိုတစ်ရပ်ရှိ၏။
‘ယမ်’ သို့မဟုတ် ‘ယံ’ သို့မဟုတ် ‘ယန်´ ဟူသောအမည်နာမသည် ၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ပည်းကျောက်စာ သုတေသနအစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်း၌ ဖော်ပြခဲ့သော `ကမ်းယံ’ လူမျိုးနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ `ယောဝ်´ နှင့် `မြောင်’ လူမျိုးများနှင့်လည်းကောင်း မျိုးနွယ်ဆက်သွယ် ကြောင်း ဖော်ပြပါရှိသည်။
ယနေ့ တိဗက်မြန်မာအနွယ်များနှင့် မွန်ခမာအနွယ်ဝင်များတွင် ‘ယမ်’ ဟူသော အမည်နာမကို ခေါ်ဝေါ် သုံးစွဲထားခြင်း မရှိကြောင်း တွေ့ရှိရ၏။ ထိုင်းတရုတ်အနွယ်ဝင်များတွင်မူကား ‘ယမ်’ ဟူသော အမည်နာမကို ယနေ့တိုင်အောင် ခေါ်ဝေါ်သုံးစွဲလျက်ရှိကြသည်။ ဥပမာအားဖြင့်ဖော်ပြရလျှင် မြန်မာတိုင်းရင်းသားများအနက် ပဒေါင်ကို ‘ကယန်´ ဟူ၍လည်းကောင်း၊ ယင်းဘော်ကို ‘ယမ်ဘော်´ ဟူ၍လည်းကောင်း၊ ယင်းတလဲ့မှ ‘ယမ်တလဲ့’ ဟူ၍လည်းကောင်း အသီးသီး ခေါ်ဝေါ်ကြ၏။ `ယမ်´ ဟူသောဝေါဟာရသည် တရုတ်လူမျိုးတို့၏ အခေါ်အဝေါ်မှ ဆင်းသက်လာခဲ့သော ဝေါဟာရပင်ဖြစ်သည်။
မြောက်ဘက်အရပ်ဒေသ၌ နေထိုင်ခဲ့ကြသော ကရင်နွယ်ဝင်များသည် ရေကြည်ရာမြက်နုရာသို့ သံလွင်မြစ်နှင့် မဲခေါင်မြစ်တို့၏ စီးဆင်းရာလမ်းကြောင်းအတိုင်း တောင်ဘက်သို့ ရောက်လာခဲ့ရခြင်းသာ ဖြစ်သည်။ ရှေးအချိန်က ကရင်အနွယ်စုများ၏ ဘိုးဘွားများသည် မြောက်ဘက်အရပ်ရှိ တိဗက်ကုန်းပြင်မြင့်ဒေသများ၌ နေထိုင်ခဲ့ကြကြောင်း ပေါ်လွင်လျက်ရှိပေသည်။ ရှေးကရင်လူမျိုးတို့၏ ‘ထား´ ကဗျာလင်္ကာများသည်လည်း ထိုကဲ့သို့ ဖော်ညွှန်းနေပါသည်။ ဖော်ပြခဲ့သော ‘ယန်´ အနွယ်စုသည် ကရင်တို့၏ဘိုးဘွားများပင် ဖြစ်ကြသည်။ ‘ယန်’ အနွယ်စုမှ ယနေ့မြန်မာနိုင်ငံတွင် ကမ်းယံ၊ ကယန်း၊ ကယား၊ ကရင်၊ ယမ်ဘော်၊ ယမ်တလဲ့ စသည်ဖြင့် တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့်ပင် ယံစီမြစ်၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်သုံးသွယ်၏ မြစ်ဖျားခံရာဒေသသည် ကရင် အနွယ် (ဝါ) ယံအနွယ်များ၏မူရင်းဒေသဖြစ်သော ‘ထီးဆဲ့မက်ရွာ’ (ဝါ) ‘ထီးဆေ့မေ့ရွာ’ ပင် ဖြစ်ပါတော့သည်။
ကရင်လူမျိုးတို့နေထိုင်ခဲ့ကြသော ဒေသအကြောင်းကို အောက်ဖော်ပြပါ ကရင်ရှေးဟောင်း ‘ထား’ကဗျာလင်္ကာနှစ်ပိုဒ်ကို လေ့လာနိုင်ကြစေရန် ဖော်ပြလိုက်ရပါသည်။
၁။ ပဗွီအိုလဲနိုအခီး၊ ပပ္ပါအိုလဲခိုအခီး
ခူးအထူးခူးတဘာဒိ၊ ခူးအယွာခူးတဘာဒိ
လူခူးထူးလဲသေခေါ်ထိ၊ လူခူယွာလဲသေခေါ်ထိ
နာဒေါယာပယွာအိုဒိ၊ လူခူးကေလဲယူကော်ခီး
ထီးမုအိုလဲယူကော်ခီး၊ ကော်မုအိုလဲယူကော်ခီး
ဖိုးဒီးအိုဖိုးဒီးတညွိ၊ ဖိုးသာအိုဖိုးသာတညွိ
ဖိုးဒီးလိုကွဲခေရိရိ၊ နာဒေါ်ယာဒိုဒိုဆိဆိ
သာ့သယူဆဲထီဘာဒိ
“သံလွင်မြစ်ဖျားနေ ဘိုးဘွားမိဘတို့သည် မိမိတို့၏ ဇာစ်မြစ်နှင့် ဘုရားကို ရှာဖွေ မတွေ့ရှိကြသေးပေ။ ဇာစ်မြစ်နှင့် ဘုရားကို သစ်ပင်ရင်းများ၌ လိုက်လံရှာဖွေနေကြဆဲပေ။ သင်နှင့်ကျွန်ုပ်မှာ ဘုရားရှိပါသေးသည်။ မဲခေါင်မြစ်ဖျားဒေသသို့ ပြန်လည်ရှာဖွေကြပါစို့။”
“သာယာဝပြောသော နိုင်ငံသည် မဲခေါင်မြစ်ဖျားခံရာ ဒေသတွင်ရှိပါသည်။ ထိုဒေသ၌ ကလေးသူငယ် များ ညှိုးနွမ်းခြင်းမရှိဘဲ လှည့်ပတ်ပြေးကစားလျက် ရှိကြပါသည်။ သင်ရော ကျွန်ုပ်ပါ ကြီးသူငယ်သူအားလုံး ပြန်လည်ဆုံဆည်း မြင်တွေ့ကြရလိမ့်ဦးမည်ဟု မျှော်လင့်လွမ်းဆွတ်တသမိပါသည်။”
၂။ မိုအိုယူယာလဲလာလာ၊ ပါအိုယူယာလဲလာလာ
မိုအိုမိုသီးသဒါယာ၊ ပါအိုပါသီးသဒါယာ
ယသာ့ထော်ယစီလော်ဟတ်၊ ယသာ့ဖလော့ယစီလော်ဟတ်
ယဟတ်ပယ်လဲထီးအဝါး၊ ယဟတ်ပယ်လဲကော်အဝါး
ထီးအဝါးတမုအိုယာ၊ မုနေယာလဲနော်ခိုလား။
သူလော်ကေပခူးလဲထ၊ သူလော်ကေပဝေလဲထ
ဟီဆဲခိုတာမူခါဝါး၊ ဟီဆဲလတာမူခါဝါး
အော်ကူဖိုးဆီအားဆီအား၊ အော်ပွါဖိုးဆီအားဆီအား
အော်ကူဖိုးဆီယယ်ကယား၊ အော်ပွါဖိုးဆီယယ်ကယား
ယသာ့ထော်ယစီလော်ဟတ်၊ ယသာ့ဖလော့ယစီလော်ဟတ်။
“မိဘနှစ်ပါးသည် ရှေးအချိန်က ‘လာလာ‘ဒေသ (လာဆာမြို့ ) ၌ ကျွန်ုပ်နှင့်အတူ နေထိုင်ခဲ့ကြပါသည်။ ယခုအချိန်တွင် မိဘနှစ်ပါးတို့သည် သေလွန်သွားကြပါပြီ။ မိဘများသေဆုံးသွားခဲ့သဖြင့် ကျွန်ုပ်ဝမ်းနည်းပက်လက် ဖြစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ခြေဦးတည့်ရာသို့ ထွက်သွားခဲ့ပါသည်။ ကျွန်ုပ်သည် ရေဖြူဖြူဖွေးဖွေး (တရုတ်ပြည်) မြင်တွေ့ရသော တိုင်းပြည်နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ သို့သော်ကျွန်ုပ် နေမပျော်ခဲ့ပါ။ စိမ်းလန်းစိုပြေသော မြက်ခင်းရှိရာဒေသ (မဲခေါင်မြစ်ဖျား) ၌သာ ကျွန်ုပ်ပျော်ပိုက်ပါသည်။”
“ကျွန်ုပ်တို့သည် အထက်ဒေသ(မဲခေါင်မြစ်ဖျား)တွင် တိုင်းပြည်ပြန်လည်ထူထောင်ကြပါသည်။ သို့သော် အိမ်ပေါ်အိမ်အောက်တွင် သရဲဖြူများသည် ကျွန်ုပ်နှင့်ကလေးသူငယ် ငါးရာကို စားပစ်လိုက်သဖြင့် ကျွန်ုပ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ထိုဒေသကိုစွန့်၍ ထွက်ခွာလာခဲ့ပါသည်။”
အထက်ဖော်ပြပါ `ထား´ ကဗျာလင်္ကာအရ မည်သူသည် မည်သည့်အချိန်က ဖွဲ့ဆိုခဲ့သည်ဟု မဖော်ပြ နိုင်ပေ။ သို့သော် ထိုကဗျာလင်္ကာပါအကြောင်းအရာကို ထောက်ချင့်၍ ကရင်လူမျိုးတို့ မြန်မာနိုင်ငံတွင်းသို့ ဝင် ရောက်နေထိုင်ခြင်း မပြုမီ၊ မြန်မာနိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်ဖျားခံရာအရပ်၌ အတန်ကြာနေထိုင်ခဲ့စဉ်က စပ်ဆို ခဲ့သည်ဟု ခန့်မှန်းရပါသည်။
မည်သို့ပင်ဆိုစေ သမိုင်းသုတေသီတို့၏ သုတေသနပြုချက်များအရ၊ ကရင်လူမျိုးတို့သည် အာရှတိုက် အလယ်ပိုင်းရှိ မွန်ဂိုပင်မ အမျိုးအနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဖော်ပါထားသည်။ ၎င်းမှတစ်ဆင့် မွန်ဂိုး လီးယား၊ တိဗက်နှင့် ယူနန်တို့ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာကြကြောင်းကို သမိုင်းသုတေသီ များက အခိုင်အမာ ရေးသားဖော်ပြခဲ့ကြ၏။ မြန်မာနိုင်ငံတွင်းသို့ ကရင်လူမျိုးတို့ ဝင်ရောက်လာခြင်းနှင့် စပ်လျဉ်း၍ ပထမအသုတ်သည် ဘီစီ ၁၁၂၅ တွင်ဟူ၍လည်းကောင်း၊ ဒုတိယအသုတ်သည် ဘီစီ ၇၃၉ တွင်ဟူ၍လည်းကောင်း အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြ၏။ ထို့ကြောင့်အထက်ဖော်ပြပါ အချက်အလက်များနှင့် ဆက်စပ်ကြည့်လျှင် ကရင်လူမျိုးတို့၏ ပြောဆိုခဲ့ကြသော ထီးဆဲ့မက်ရွာ (ဝါ) ထီဆေ့မေ့ရွာသည် အမှန်ပင်ဖြစ်နိုင်ပေသည်။
(Drum Publication Group ၏ “ကရင့်သမိုင်းနှင့် ရိုးရာဖြတ်ထုံးများ”စာအုပ်မှ “ထီးဆဲ့မက်ရွာ”)
လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။




Leave a comment