မြန်မာနိုင်ငံတွင် ကရင်လူမျိုးကသာလျှင် ဖားစည်ကို ထိန်းသိမ်းထားကြ၏။ ဖားစည်ရိုးရာ အစဉ်အလာ အား မည်သည့်အချိန် မည်သည့်နေရာက စတင်ပေါ်ပေါက်လာခဲ့ကြောင်းကို မည်သူမျှ မသိပေ။
ရှေးကျသော ဖားစည်တစ်လုံးအား တောင်ငူ၏ အရှေ့ဘက် မိုပွားကရင်တို့၏ ကျေးရွာတွင် တွေ့ရှိရပြီး နှစ်ပေါင်း(၁ဝဝဝ)ခန့်ကဟု ပြောနိုင်ကာ ဖားစည်၏ ပထမအစဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ထိုဖားစည်ကို နည်းမှီ ပြီးမှ ပုံတူကူးယူခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ဖားစည်၏ မူလပထမအစနှင့် မျောက်တို့ဆက်စပ်နေကြောင်း တွေ့ရသည်။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ကရင်လူမျိုးတို့၌ ဖူးမော်ထော်အမည်ရှိ ပုံပြင်မှာ ရှေးအကျဆုံး ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့သည်။ ထိုပုံပြင်အရ ကရင်တို့သည် ထောမဲပါ အမည်ရှိ တောဝက်စွယ်သခင်(Father of the Boar’s Tusk)မှ ဆင်းသက်လာခဲ့ကြ၏။ လူနှင့်မျောက် အလွန်မဝေးသော (သမိုင်းကြိုကမ္ဘာဦး)ကာလကစ၍ မျိုးဆက်ပေါင်း(၇၃)ဆက်တိုင် ထော့မဲပါ ရှိခဲ့ပေလိမ့်မည်။ ဂူရှိသောတောင်(ထုံးကျောက်တောင်)နံဘေး၌ ဆန်စပါးစိုက်ပျိုး၍ ဖခင်အုပ်ထိန်းမှုအောက်၌ ရှိနေကြမှာဖြစ်သည်။ စပါးများ မှည့်ရွဲလာချိန်၌ မျောက်များက လယ်ကွင်းထဲသို့ ဆင်း၍လာရောက်ခိုးယူကြလေ့ရှိသည်။ ပိုင်ရှင်လယ်သမားများက ထိုမျောက်များအား လိုက်၍ မောင်းရသည်မှာ သေလောက်အောင် မောပန်းခဲ့၏။ နောက်ဆုံးလက်မှိုင်ချ၍ သူ၏လယ်ကွင်းတွင်း၌ လှဲချလိုက် ၏။ ထိုအခါ မျောက်အဟိတ်တိရစ္ဆာန်များသည် သူ၏အနားသို့ ဝိုင်းလာကြပြီး တစ်ဦးနှင့်တစ်ဦး စကားပြောသံ ကြားလိုက်ရ၏။
“ငါတို့သည် သူ၏စပါးများအား စားသောက်ခဲ့ပြီးပြီ။ ယခု ထိုသူလည်း သေပွဲဝင်ခဲ့ပြီ။ သူ၏ ဈာပနအား သူ့အတွက် လုပ်ပေးကြစို့ “
ထိုသို့ဖြင့် မျောက်တို့သည် လယ်ရှင်၏ခန္ဓာကိုယ်အား တောင်ကုန်းရှိ လိုဏ်ဂူထိပ်ဝသို့ သယ်ဆောင် လာ၏။ ထို ့နောက် ဖားစည်အား ယူဆောင်လာ၏။ ရှေးဦးစွာ ” ဂေါဟွစေး” (ငွေဖားစည်)ကို သယ်လာ၏။ တစ်ဖန် “ဂေါဟွထူး”(Gaw Hwa Tu) ခေါ် ရွှေဖားစည် ကို သယ်လာ၏ ။ “ဂေါ်ဝါး “ခေါ် ဖားစည်ဖြူကိုလည်း သယ်လာ၏။ လယ်ရှင်၏ ပတ်ပတ်လည်၌ထိုင်၍ ဖားစည်များ ကို သယ်လာကြ၏။ ထိုမျောက်များသည် အလောင်းကောင်မှ ပြန်လည်အသက်ဝင်လာသည်ကို တွေ့မြင်၍ လွန်စွာထိတ်လန့်လျက် ဤနေရာသို့ နောက်တစ်ခါ ပြန်မလာကြတော့ပေ။ ထိုအခါ ဖူးမော်ထော်သည် ဖားစည်များကို ယူ၍ အိမ်သို့ပြန်လာခဲ့၏။ ဖူးမော်တော်အား နာလိုခြင်း မရှိသော ပိုးကရင်များက ခိုးယူခဲ့ကြ၏။ (ဖူးမော်တောမှာ စကောကရင်ဖြစ်သည်။) “ဘော်ဘော်လေး”ဟု ခေါ် သော ရေကန်အတွင်းသို့ ဖားစည်ဖြူအားပစ်ချခဲ့၏။ ထိုနေရာအား ယခုအခါမသိနိုင်တော့ပေ။ ရွှေနှင့် ငွေ ဖားစည် တို့သည် နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိ၍ မော်လမြိုင်ခရိုင် ဒုံယင်း(Don Yan)ရွာအနီးရှိ ဂူတစ်ဂူအနီး၌လည်း ရှိ၏။ တူးဖော်ကြည့်ပါလျှင် တွေ့နိုင်ကြောင်း လူအချို့က ထင်ကြ၏။ ထိုဖားစည်သည် မြွေဟောက်သားရေဖြင့် ပြုလုပ်ထားကြောင်းလည်း ဆိုကြသည်။ ဖားစည်၏ အောက်ခြေပုံအား ကင်းခြေများပုံစံဖော်ထား၏။ ထို့အပြင် အစဉ်အလာတစ်ရပ်ရှိပါသည်။ “လိုဘိုးခို” (စကောကရင်)ဟူသော ရွာသားများသည် ဒုံယင်း၌ရှိသော ပိုးကရင် တို့ထံ နှစ်တိုင်း ယင်းတို့၏ ဖားစည်ကို ပြန်ပေးဖို့ တောင်းကြသည်။ သို့သော် ဗြိတိသျှတို့ မော်လမြိုင်သို့ ရောက် သည့်အခါ ထိုအစဉ်အလာမရှိတော့ပေ။
ကရင်တို့သည် ဖားစည်အား ကရင်တို့ကိုယ်တိုင်ပြုလုပ်သော အစဉ်အလာမရှိပါ။ ရှိပါ။ ယင်းတို့နှင့်အတူနေ အခြားတိုင်းရင်းသားတို့က သွန်းလုပ်ကြ၏။ ထိုလူများသည် ကရင်တို့နေထိုင်ရာ ဒေသ၏အရှေ့ဖြစ်ဖြစ်၊ အနောက်ဘက်ဒေသဖြစ်ဖြစ်၌ နေထိုင်ကြသူများပင်ဖြစ်သည်။ ရှေးအကျဆုံးသောဖားစည်ကို ရရှိခဲ့သောလူမျိုးမှာ “ယု” တို့ပင် ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ရှေးဟောင်းကရင်ကဗျာတစ်ပုဒ်လည်း ရှိသည်။
လူလေး – စိတ်မပူစမ်းနဲ့။
မြင်းကိုစီးကွယ့်
မော်မော်ကွေအတွက်
အမဲလိုက်ထွက်လာခဲ့
ယုတို့သွန်းတဲ့သည်ဖားစည်
မင်းဝယ်လာခဲ့ပြီးပြီ။
ပေါကုဝါးလည်း မင်းမှာရှိပြီ။
မင်းအခန်းမှာ ချိတ်ဆွဲထားတာက ဖားစည်၊
ဖားစည်သံ ချိုလွင်မြ
ပေါကုနဲ့အတူတီးပါဗျ
ထိုရှေးဟောင်းကရင်ကဗျာက ဆိုလိုသည်မှာ ဖားစည်ရှိသောလူငယ်တစ်ဦးက မော်မော်ကွေဆိုသည့် သူရှာနေသော မိန်းကလေးကို အောင်မြင်ခဲ့ပြီဖြစ်သည်။ “ပေါ်ကု”သည် ကရင်ဝါးပတ္တလားဖြစ်ပြီး ရိုက်တံငယ် (၂)ချောင်းဖြင့် တီးရသည်။ ဖားစည်ဖြင့် တွဲဖက်တီးသောအခါ ဘယ်သံ(Bass)အဖြစ် ထွက်ပေါ်စေ၏။ “ဘလော်” ဆိုသည်မှာ အမျိုးသားအခန်း၊ ရှေးခေတ်ကရင်ကျေးလက်ရွာများ၏ ဧည့်ဆောင်လည်း ဖြစ်သည်။
ရွှေခမောက်ကယ်က ငွေဆံတောက်နဲ့ တပြောင်ပြောင်
ထော်မဲပါ တဲငယ်မှာ အသာတစ်ထောက်နားရအောင်
လက်ရပစ္စည်းများလည်း စုကာထားလို့
အခါကိုအသာစောင့်ပါက
ယုသွန်းဖားစည် ရွှေလက်ဝယ်အပိုင်ရပေါ့လေး။
အဆိုပါ ကရင်ရှေးဟောင်းကဗျာကလည်း ယုတို့ထံမှ ဖားစည်ရရှိကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဝန် မစ္စတာတော်စိန်ခိုက “ယု”သည် ယူနန်ကုန်းမြင့်၌ အခြေချ နေထိုင်သော ယွန်(Yung)လူမျိုးဟူ၍ ယူဆပါသည်။ အခြားသုတေသီများကလည်း ဖားစည်၏ ခြေရာအစအား ယူနန် ဒေသကပင်ဖြစ်ကြောင်း တိုက်ဆိုင်စွာဆိုကြသူများလည်း ရှိကြ၏။
၁၈၄၈ ခုနှစ် တည်းဖြတ်ထားသော ကရင်စကားနက်ကျမ်း (Karen Thesaurus) အတွဲ(၁) စာမျက်နှာ ၃၂၈ ၌လည်း မိမိဖတ်မိခဲ့သည်။ ထိုကျမ်း၌ ကရင်တို့သည် ဖားစည်အား ဝကော်သွ(သို့မဟုတ်)ဆွာမှ ဝယ်ယူလာခဲ့ကြောင်းကိုပင် သိရှိရသည်။ ထို့ကြောင့် ဖားစည်အား“ဝ”တို့ထံမှ ဝယ်ယူလာခဲ့မည်လောဟု ယူဆရပါသည်။ မည်သူကမျှ မည်သည့်လူမျိုးဖြစ်ကြောင်း မသိရှိနိုင်တော့ပေ။ ထိုကျမ်းပြုစုသူက ဆိုသည်မှာ ဖားစည် ဝယ်သူက ဈေးဆစ်ခဲ့ပါလျှင် ပြန်အမ်းငွေကို မသုံးရဘဲ(ဘုရားကျောင်း)ကဲ့သို့ မြတ်သောနေရာသို့ ပို့ရကြောင်း ရေးထား၏။
မှတ်ချက် – မူရင်းစာတမ်းရှင်၏ အာဘော်သာဖြစ်သည်။
(ဒေါက်တာနန်းလှိုင်၏ “ကရင်သမိုင်းသုတေသနစာစုများ” စာအုပ်မှ သိက္ခာတော်ရ အိတ်ချ် အိုင် မာရှယ် M. A., D.D ၏ ကရင်ဖားစည် စာတမ်း)
လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

Leave a comment