စောဘဦးကြီးကို ၁၉ဝ၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ တွင် ကန်ကြီးဒေါင့်မြို့ နယ် ဘဲဂရက်ကျေးရွာ၌ ဖွားမြင် ခဲ့သည်။ (စောဘဦးကြီးသမီး နော်သဲမာကြီးနှင့် စောစံဖိုးသင် အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် စောဘဦးကြီးမွေးသည့်နှစ်ကို ၁၉၀၃ ခုနှစ်ဟု ဖော်ပြထားပြီး ၁၀-၁၁-၁၉၄၆ ခုနှစ်ထုတ် တိုး တက်ရေးဂျာနယ်နှင့် စောဘဦးကြီး၏ ဆွေမျိုးများမှတ်တ ာ်တမ်းတွင် ၁၉၀၄ ခုနှစ်ဟု ဖော်ပြထားသည်။) ဖခင်မှာ စောသာမြတ်ကြီး ဖြစ်ပြီး မိခင်မှာ နော်အေးနု ဖြစ်သည်။ ကြွယ်ဝချမ်းသာသည့်မျိုးရိုး မှ မွေးဖွားလာသူဖြစ်သည်။ မွေးချင်း မောင်နှမ ၅ ယောက်ရှိပြီး ဘဦး ဖြစ်သည်။ အစ်မများမှာ နော်ရီစာနှင့် နော် ခင်မေ တို့ဖြစ်ပြီး နှမနှစ်ဦးမှာ ဘီဖိုးနှင့် ခဲဖိုးတို့ဖြစ်သည်။

စောဘဦးကြီးသည် ပုသိမ်မြို့ စကောကရင်အထက် တန်းကျောင်း(ကိုသာဖြူကျောင်း)တွင် ပညာသင်ကြားခဲ့ပြီး မော်လမြိုင်မြို့ မစ်စတာဝက်ဒက်(စ်)မွန် အထူးအင်္ဂလိပ်ကျောင်း တွင် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ထို့နောက် အင်္ဂလန်သို့ သွားရောက်ကာ ဥပဒေပညာကို သင်ယူခဲ့သည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် ကင်းဘရစ်တက္ကသိုလ် (Cambridge University)နှင့် အောက်စဖို့တက္ကသိုလ် (Oxford University)၏ မဂ်ဒလင်း ကောလိပ် (Magdalene Collge) တွင် ကျောင်းဝင်ခွင့်ရခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ဥပဒေဘွဲ့ ရခဲ့သည်။ ထို့နောက် လန်ဒန်မြို့ မစ်ဒယ်တင်ပယ် (Middle Temple) ဥပဒေပညာ ဆက်လက် ဆည်းပူး ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် အင်္ဂလန်နှင့် ဗြိတိသျှအင်ပါယာတစ်ခုလုံး၌ ရှေ့နေလိုက်ခွင့်ရှိသည့် အင်္ဂလန်၏အဆင့် အမြင့်ဆုံး ဥပဒေပညာရှင် (Barrister At Law) ဖြစ်လာသည်။
၁၉၂၉ ခုနှစ်တွင် ရှေ့နေလုပ်ရန် ဗမာပြည်သို့ ပြန်လာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရှမ်းမင်းသားတစ်ဦး၏ နန်းတွင်းလုပ်ကြံမှုအမှုကို လိုက်ပေးရာမှ နာမည်ကြီးလာခဲ့သည်။ သူရှေ့နေလိုက်ပေးသည့် စောသီဟသည်အမှု မှ ကွင်းလုံးကျွတ်လွတ်ခဲ့သည်။
၁၉၃၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ ပုသိမ်တောင်ပိုင်း ကရင်သီးသန့်မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သော်လည်း ထိုမဲဆန္ဒနယ်တွင် စောဆစ်ဒနီလူနီက အနိုင်ရသွားသည်။
၁၉၄၂ ခုနှစ်တွင် ကရင် ဗမာ သင့်မြတ်ရေးကို ဆောင်ရွက်ခဲ့သည်။ ကရင် ဗမာ ချစ်ကြည်ရေးအတွက် ဗမာခေါင်းဆောင်များနှင့်အတူ လှည့်လည်ဟောပြောခဲ့သည်။ ကရင်ဗဟိုအဖွဲ့ချုပ် (KCO – Karen Central Orgenization)၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
၁၉၄၅ ခုနှစ် ဇွန်လ KCO ညီလာခံတွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။
၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နေသူရိန်အစည်းအဝေးတွင် ပြန်လည်ဖွဲ့စည်းသော ဖဆပလဗဟို ဦးစီးအဖွဲ့တွင် မန်းဘခိုင်၊ သရာသာထိုတို့နှင့်အတူ ပါဝင်ခဲ့သည်။
၁၉၄၅)ခုနှစ်၌ မျိုးချစ်တပ်မတော်ကို အမြဲတမ်းတပ်မတော် (Burma Regular Army)ဖွဲ့စည်းရေး အတွက် သီဟိုကျွန်း(သီရိလင်္ကာ)တွင် စစ်သေနာပတိချုပ်မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံ သည့်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတက်ရောက်ခဲ့သည့် မြန်မာဘက်မှအဖွဲ့ဝင် (၁၁) ဦးတွင် တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့ပေသေးသည်။
၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဗြိတိန်ပြည်သို့ သွားရောက်ခဲ့သည့် စောသာဒင်ခေါင်းဆောင် သော ကရင်ချစ်ကြည်ရေးအဖွဲ့၌ ဆစ်ဒနီလူနီ၊ စောဘိုးချစ် တို့နှင့်အတူ ပါဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဆာဟူးဘတ်ရန့်စ် နှင့် ဖဆပလ ကိုယ်စားလှယ်များပါဝင်သည့် အစိုးရအဖွဲ့တွင် သတင်း နှင့် ဝါဒဖြန့်ချိရေးဆိုင်ရာဝန်ကြီး ဖြစ်လာခဲ့သည်။ ဝန်ကြီးရာထူးအတွက် ၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၃ ရက် နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ KNU ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းသောအခါ အဖွဲ့ဝင် ဖြစ်လာသည်။ ထို့နောက် ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့ပြီး KNU အရေးပေါ်ညီလာခံတွင် KNU ကရင်အမျိုးသား အစည်းအရုံး၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ခဲ့သော ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး ကို ဦးဆောင်ခဲ့သည်။ KNU ဗဟို ခေါင်းဆောင်များနှင့်အတူ ရက်ပေါင်း ၁၁၁ ရက် ကြာခဲ့သည့် အင်းစိန်တိုက်ပွဲကို ဦးဆောင်ခဲ့သည်။
၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ တောင်ငူတွင် အစည်းအဝေးပြုလုပ်ပြီး ကော်သူးလေအစိုးရအဖွဲ့ (KGB – Kawthoolei Govening Body) ကို ဖွဲ့စည်းရာ ဌာနဆိုင်ရာဝန်ကြီး ၈ ဦးကို ရွေးချယ်ခဲ့ကြပြီး စောဘဦးကြီး ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဥက္ကဋ္ဌ စောဘဦးကြီးသည် ၁၉၅၀ ခုနှစ် ဇူလိုင်လ (၁၇)ရက် နေ့မှ (၁၉)ရက်နေ့အထိ ဖာပွန်မြို့တွင် ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင်ကျင်းပခဲ့သည်။ ထိုညီလာခံတွင် စောဘဦးကြီး ပြောကြားခဲ့သည်မှာ
၁။ ကရင့်တော်လှန်ရေးသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်သည်။
၂။ ကရင်တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံသရွေ့ ကရင့်တော်လှန်ရေး ဘယ်တော့မှမရှုံးနိုင်။
ကရင်ပြည်ရနိုင်သည့် နည်းလမ်း ၃ သွယ် ရှိသည်။
၁။ ရန်သူက ပေးချင်သည့်ဆန္ဒကြောင့် ရခြင်း။
၂။ ရန်သူကို အနိုင်တိုက်၍ ရခြင်း။
၃။ ပြင်ပအခြေအနေတွန်းပို့မှုကြောင့် ရခြင်း။
ထို့နောက် ကျော်ကြားသော ဘဦးကြီး မူ(၄)ချက်ကို တရားဝင်ရေးသားပြီး မော်ချီးတွင်ရှိသည့် ကော်သူး လေ အသံလွှင့်ဌာနမှ ကြေညာလေသည်။

စောဘဦးကြီး၏ မူ (၄)ချက်မှာ
၁။ လက်နက်ချစကား အလျှင်းမပြောရ၊
၂။ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်၊
၃။ ကရင့် ကံကြမ္မာ ကရင်ဖန်တီးရမည်၊
၄။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်၊
၎င်းကျော်ကြားသော မူ(၄)ချက်ကို ကြေညာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက် ဆင်းသွားသည်။ မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေများလည်း ကြီးသည့်အချိန် ဖြစ်သည်။ တာဝန်ကို လေးစား ခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစ်စိတ်နှင့် မိုးထဲရေထဲ ခရီးချီတက်ခဲ့သည်။
ထီးစွမ်းရွာသား မောင်အဲသည် ဥက္ကဋ္ဌစောဘဦးကြီး ထို့ကော်ကိုးရွာကိုရောက်သွားသော် ကောင်းစွာ ကြိုဆိုသယောင်ယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ ရှိ ရန်သူတပ်ကို သွားသတင်းပေးရာ ရန်သူ လည်း ညအချိန်တွင် ရေထဲမိုးထဲ အတင်းချီတက်၍ ဥက္ကဋ္ဌစောဘဦးကြီးနေသည့် တဲကိုဝိုင်းထားလျက် နံနက်ဝေလီ ဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဋ္ဌစောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက်ပေးလှူခဲ့ရလေသည်။


Leave a comment